ဟိုင်းကြီးကျွန်း ၂၈ မတ်
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ချောင်းဝကျေးရွာ ရေယာဉ်များ ဆိပ်ကပ်ပြေးဆွဲသည့် ဆိပ်ကမ်းတွင် မတ်လ ၂၇ရက်နေ့ ညနေ ၅နာရီက ချောင်းဝကျေးရွာအုပ်စု၊ ပြင်ခရိုင်ကျေးရွာအုပ်စုနှင့် ဝါးကုန်းကျေးရွာ အုပ်စုများရှိ အုပ်ချုပ်ရေးမှူများနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံများပါဝင်သည့် ပူးပေါင်းအဖွဲ့က ခရီးသွားပြည်သူများကို COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ဒစ်ဂျစ်တယ် တာမိုမီတာအသုံးပြု၍ ကျန်းမာရေးစစ်ဆေးမှုများကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ချောင်းဝ၊ ပြင်ခရိုင်၊ ဝါးကုန်း၊ ဒီးဒူးကုန်း၊ အုတ်တွင်း ကျေးရွာအုပ်စုများသည် တစ်ဆက်တစ်စပ် တည်း တည်ရှိနေကြသော ကျေးရွာများဖြစ်ပြီး ရန်ကုန်၊ ပုသိမ်မြို့များနှင့် အခြားဒေသများသို့ ခရီးသွား များ နေ့စဉ်သွားလာနေကြသည့် ရေယာဉ်ဆိပ်ကမ်းများ၊ ရန်ကုန်ပြင်ခရိုင် တိုက်ရိုက်ပေးဆွဲနေသော ကားလိုင်းများ ရှိနေခြင်းကြောင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများက ဦးဆောင်ကာ COVID-19 ကြိုတင်ကာကွယ်ရေးအတွက် စုပေါင်းဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်းသိရှိရသည်။
ရေယာဉ်များဖြင့် လိုက်ပါဝင်ထွက်မှု ပြုလုပ်ကြသည့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အား COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ချောင်းဝကျေးရွာ ဆိပ်ကမ်း၏ ရေယာဉ်ဝင်ထွက်မှု များပြုလုပ်သည့် နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းအချိန်များကို ကျန်မာရေးဆိုင်ရာ စစ်ဆေးမှုများကို နေ့စဉ်ပုံမှန်ပြုလုပ်သွားရန် ဒေသတွင်း ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြပြီးနောက် ယခုလ ၂၇ ရက်နေ့ ညနေ ၅ နာရီအချိန်က အဆိုပါ လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ဒီးဒူးကုန်းကျေးရွာအုပ်စုနှင့် အုတ်တွင်းကျေးရွာအုပ်စုများက စုပေါင်းအဖွဲ့များကလည်း ယခုလ ၂၈ ရက်နေ့ ညနေပိုင်းကစတင်ကာ သဲချောင်းဆိပ်ကမ်းနှင့် ရန်ကုန်ပြင်ခရိုင်ပြေးဆွဲသည့် ကားလိုင်း တို့တွင် လိုက်ပါဝင်ထွက်လျက်ရှိသော ခရီးသွားပြည်သူမျာကို COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ စစ်ဆေးပေးသည့် လုပ်ငန်းများကို ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက် နေကြကြောင်း လည်းသိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)


