တောင်တွင်းကြီး ၂၈ မတ်
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌(COVID-19)ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုပူးပေါင်း၍ ရောဂါကြိုတင်ကာကွယ်ရေး မြို့နယ်အဆင့် ကော်မတီ တစ်ရပ်ဖွဲ့စည်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ဘူတာရုံ၊ မြို့မဈေး၊ လမ်းဆုံလမ်းခွနေရာများအား အသံချဲ့စက်ဖြင့် ကြေညာခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို တောင်တွင်းကြီးမြို့နယ် အဖြူရောင် ပရဟိတအသင်းအဖွဲ့နှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ပနိုင်ငံများမှ မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာများသို့ ပြန်လည်ရောက်ရှိလာသူ များအတွက် ကန့်သတ်စောင့်ကြည့်ရေးစင်တာကို (အထက-၁)ကျောင်းတွင် ဖွင့်လှစ်ထားရှိပြီး ကျန်းမာရေး စစ်ဆေးစောင့်ကြည့်ခြင်းများကို သက်ဆိုင်ရာ ကော်မတီနှင့် တာဝန်ရှိသူများက ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် ကျန်းမာရေး စစ်ဆေးစောင့်ကြည့်မှုခံယူသူ (၇)ဦးရှိပြီး ရောဂါကြိုတင် ကာကွယ်ထိန်းချုပ် စောင်ကြည့်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့မဈေး၊ မြို့ပေါ်ရှိ စတိုးဆိုင်များနှင့် အရောင်းစင်တာများမှာ ဖွင့်လှစ်ထားရှိကာ ဒေသခံပြည်သူများ ပုံမှန်ဆက်သွယ် သွားလာရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
ဝင်းခိုင်


