ရေဦး ၂၈ မတ်
ရွှေဘိုခရိုင် ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှုးရုံးခန်းတွင် ယနေ့ နံနက်ပိုင်းက ကမ္ဘာလုံးဆိုင်ရာ ( COVID – 19 ) ကပ်ရောဂါနှင့်ပတ်သက်၍ အများပြည်သူ သိသင့် သိထိုက်သော သတင်းအချက်အလက်အမှန်များ ထုတ်ပြန်နိုင်ရေးအတွက် မြို့နယ်တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးခင်မောင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးညွန့်ဝင်း၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်မင်းခိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ် ဥပဒေအရာရှိ ဒေါ်ခိုင်ဇာဦးနှင့် လူငယ်ဘော်လန်နီယာများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးရာတွင် ရေဦးမြို့နယ်မှ ( COVID -19 ) နှင့်ပတ်သက်၍ ဒေသခံပြည်သူများ သိရှိနိုင်ရေး အတွက် ” ရေဦးမြို့နယ် COVID -19 ဆိုင်ရာသတင်းထုတ်ပြန် ရေးနှင့်ပြန်ကြားရေးဆပ်ကော်မတီ “ သတင်းစာမျက်နှာတစ်ခု ပြုလုပ်ပြီး (COVID -19) ဆိုင်ရာသတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ကြေညာသွားရန်၊ ပြည်သူများအနေဖြင့် သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာထားသည့် တိကျခိုင်လုံသော သတင်းအချက်အလက်မှန်များကို ရှာဖွေကြည့်ရှု ရေးဆော်ဩပေးရန်၊ လတ်တလော တွေ့ကြုံနေရသည့် ကျန်းမာရေးဆိုင်ရာသတင်းများနှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှု ဖြစ်အောင် အမျိုးမျိုးရေးတင်ကြနေသည်များ ရှိနေရာ ထို့တွက် လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သော (COVID -19) သတင်းနှင့် ပတ်သက်၍ သတင်းမှားများ POST တင်ရေးသားခြင်း၊ သတင်းမှားများ SHARING ပြုလုပ်ခြင်းမပြုရန်နှင့် တွေ့ရှိခဲ့ပါက ဥပဒေ အကြောင်းအရာ တစ်ရပ်ရပ်ဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု အတည်ပြုဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သန်းထိုက် (ရေဦး)


