မန္တလေး ၂၈ မတ်
မန္တလေးမြို့တွင် ကုန်ပစ္စည်း ပြတ်လပ်မှုရှိပါက ရပ်ကွက်အတွင်း လိုက်လံရောင်းချပေးသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှသိရသည်။
မတ်လ၂၉ရက်နေ့မနက်ဖြန်မှ စတင်ကာ မန္တလေးမြို့ရှိ ဈေးများအားလုံးကို အစားအသောက်နှင့် ဆေးဝါးများချန်ကာ ပိတ်သိမ်းသွားမည်ဖြစ်ပြီး ကုန်ပစ္စည်းပြတ်လပ်မှုရှိပါက ဆောင်ရွက်နိုင်ရန် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း အပါအဝင် ကုန်သည်အသင်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။
“တကယ်လို့ အရေးပေါ် ကုန်ပစ္စည်းပြတ်လပ်တာတွေဖြစ်လာရင် ရပ်ကွက်ထဲအထိ ကားနဲ့ ကုန်ပစ္စည်းတွေ လိုက်ရောင်းပေးမှာ။ အရေးပေါ်အတွက် ပြင်ဆင်ထားပါတယ်"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဦးကျော်ဆန်းမြင့်ကပြောသည်။
လက်ရှိအချိန်တွင် မန္တလေးမြို့ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို ပါဆယ်စနစ်သာ ရောင်းချခွင့်ပြုထားပြီး ၂၉ ရက်နေ့မှ စတင်ကာ ဈေးများပိတ်သိမ်းရန်လည်း ညွှန်ကြားချက် ချထားကြောင်း သိရသည်။
ဖြိုးအိ


