မိတ္ထီလာ   ၂၈   မတ်

 

မိတ္ထီလာမြို့စည်ပင်သာရေးကော်မတီမှ ကြီးကြပ်၍  ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 မဖြစ်ပွား စေရေးအတွက် မြို့ပေါ်ရှိ ဈေးများနှင့် ကားဂိတ်များတွင် မတ်လ ၂၄ ရက်နေ့မှ စတင်၍ ညနေ ဈေးပိတ် ချိန်များတွင်   ကရိုရင်းပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ကြောင်း သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 မဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အမျိုးသား ရေးတာဝန်အဖြစ် ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ COVID-19 ကူးစက် ပြန့်ပွားမှုသည် လူစူလူဝေးမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်သဖြင့် လူစုလူဝေးနှင့် လူထူထပ်သော  မြို့ပေါ်ရှိ စည်ပင်သာယာဈေး၊ ဗဟိုဈေးကြီး၊ ပန်းတောက်မြိုင်ဈေး၊ အောင်ဇေယျာ (ပုလဲဈေး) မြို့သစ်ဈေး၊ ပေါက်ချောင်းဈေး၊ ရန်မျိုးအောင်ဈေး၊ ဝန်ဇင်းဈေး၊ ပြည်သာယာဈေးတို့တွင် စည်ပင်သာယာ ကော်မတီမှကြီးကြပ်ပြီး ညနေပိုင်း  ဈေးပိတ်သိမ်းချိန်တွင်  စည်ပင်သာယာရေး ဝန်ထမ်းများက ကရိုရင်းပိုးသတ်ဆေးများကို ပက်ဖျန်းလျက်ရှိသည်။

 

02

 

ထိုသို့ ပက်ဖျန်းရာတွင် ဆိုင်များမှ လက်ကိုင်နိုင်သည့်နေရာများ၊ သော့၊ ပတ္တာ၊ လမ်းများ၊ အိမ်သာများ၊ ဈေးပေါက်များနှင့် လူအသုံးများသည့်နေရာများတွင် အဓိကထား၍ ပက်ဖျန်းကြသည်။ ယခုပက်ဖျန်း သည့် ကရိုရင်းပိုးသတ်ဆေးသည် ကျောရိုးမဲ့သတ္တဝါများနဲ့ ဗိုင်းရပ်(စ်)ကို သေစေနိုင်သည့် ဆေးဖြစ်ကြောင်း၊ မိတ္ထီလာမြို့ပေါ်ရှိ လူစုလူဝေးနှင့် လူထူထပ်သော  ဈေးများကို ပိုးသတ်ဆေးပက်ဖျန်း ခြင်းအပြင် မြို့ပေါ်ရှိ လူစည်ကားရာနေရာများဖြစ်သည့် ကားကြီးဝန်း၊ ကာကြီးဝန်းအသစ်၊ ရွှေမန္တလာ ကားဂိတ်၊ မန္တလာမင်းကားဂိတ်၊ ဇွဲတြိဂံဂိတ်၊ ဈေးကုန်းကျောင်းဂိတ်၊ (၃၀)ဝန်းဂိတ်၊ မြင်းခြံကားဂိတ်၊ ဦးမဲကြီးဂိတ်၊ ဝမ်းတွင်းဂိတ်၊ ဓနသိဒ္ဓိဂိတ်တို့ကို မတ်လ ၃၀ ရက်နေ့တွင် စည်ပင်သာယာရေး ဝန်ထမ်းများက ကရိုရင်းပိုးသတ်ဆေးများကို ဆက်လက်ပက်ဖျန်းသွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်နီလာဝင်းက ပြောကြားခဲ့သည်။

 

ထိုသို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 မဖြစ်ပွားစေရေးအတွက် မြို့ပေါ်ရှိ ဈေးများနှင့် ကားဂိတ်များ တွင် ကရိုရင်းပိုးသတ်ဆေးများ ပက်ဖျန်းလျက်ရှိသည့် စည်ပင်သာယာရေး ဝန်ထမ်းများအား စေတနာရှင် အလှူရှင်များက အဟာရနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)