ရွာသစ် ၂၈ မတ်
ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါနှင့်ပတ်သက်၍ ကယားပြည်နယ်အတွင်း ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ထိရောက်စွာကြိုတင် ဆောင်ရွက်နိုင်ရန်အတွက် ရွာသစ်မြို့ သံလွင်မြစ်ကမ်း စွပ်ပိုင်ရှိ အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော BP(10) ဝင်ပေါက်မှလာနိုင်သဖြင့် ဝင်ရောက်လာသော ပြည်သူများအား စောင့်ကြည့်ပြီး ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က အဆိုပါနေရာများတွင် လိုက်လံ ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စည်ပင်သာယာရေးနှင့် လူမူရေးဝန်ကြီးဒေါက်တာအောင်ကျော်ဌေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်၊မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးနှင့်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အဆိုပါလမ်းကြောင်းမှ ဝင်ရောက်လာသည့် နေရပ်ပြန်များအားရွာသစ်မြို့ အတွင်း ဖြစ်ပါက Isolation Hospital Quarantine ထားရှိ ဆောင်ရွက်မည့် ရွာသစ်တိုက်နယ် ဆေးရုံအားလည်းကောင်း၊ Facilities Quarantine (၁၄)ရက် ထားရှိမည့် ရွာသစ်မြို့ သီရိမင်္ဂလာခန်းမနှင့် ထပ်မံလိုအပ်ပါက အရန်ထားရှိ ဆောင်ရွက်မည့် အထကကျောင်းတွင်လည်းကောင်း၊ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စွပ်ပိုင်ဂိတ်တွင် စစ်ဆေးခဲ့သောအကြံပြုထားသည့် ဝမ်ဗလ၊သာယာ၊စွပ်ပိုင်တို့မှ ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်း ဆုံရာအဖြစ် စိစစ်နိုင်မည့် ဒေါလဲဒူကျေးရွာသစ် တည်ထောင်မည့် နေရာတွင် ဂိတ်စခန်း အချိန်နှင့်တပြေးညီ ဖွင့်လှစ်နိုင်ရေးနှင့် ပူးပေါင်းမှုဖြင့် ဆောင်ရွက်မည့် အခြေအနေများအား စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)


