ပြင်ဦးလွင် ၂၈ မတ်
လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါအား ကူးစက်ပြန့်ပွားခြင်းမရှိစေရေးနှင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပြင်ဦးလွင်မြို့ စည်ပင်သာယာမြို့မဈေးကြီးအား နေ့စဉ် မွန်းလွဲ ၃ နာရီအထိသာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရောဂါကာကွယ်ရေး ပိုးသတ်ဆေးများ ပက်ဖျန်းသွားမည်ဖြစ်ကြောင်း ဈေးကော်မတီအဖွဲ့ထံမှ သိရသည်။
"ဒီလို မွန်းလွဲ ၃ နာရီမှာ ဈေးပိတ်တာတွေ၊ ပိုးသတ်ဆေးဖျန်းတာတွေကို ဈေးကော်မတီနဲ့ ဈေးသူဈေးသားတွေ စုပေါင်းအစည်းအဝေးထိုင် ဆုံးဖြတ်ခဲ့ကြပြီး လုပ်သင့်လုပ်ထိုက်တယ် ထင်ကြလို့ အားလုံးသဘောတူညီမှုတွေနဲ့ လုပ်ခဲ့ကြတာပါ"ဟု ဈေးကော်မတီဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
ထို့ပြင် COVID-19 ရောဂါကြောင့် ပြင်ဦးလွင်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ ပိတ်သိမ်းခဲ့ပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချနေချိန်တွင် ပြင်ဦးလွင်မြို့မဈေးကြီးအတွင်းရှိ စားသောက်ဆိုင်များသည် ဖွင့်မြဲအတိုင်း ရောင်းချနေခြင်းကြောင့် လာရောက်စားသောက်နေကြသူ ပိုမိုများပြားလာရကာ စားသောက်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချပေးသွားရတော့မည်ဖြစ်ကြောင်း ဈေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသွားခဲ့သည်။
ပြင်ဦးလွင်မြို့မဈေးကြီး ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများ တွေ့ဆုံအစည်းအဝေးပွဲကို မတ် ၂၈ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ကျင်းပခဲ့ပြီး မွန်းလွဲ ၃ နာရီ ဈေးပိတ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ စားသောက်ဆိုင်များ၌ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်းတို့ကို မတ် ၂၉ ရက်မှ စတင်အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်နိုင်(ပြင်ဦးလွင်)


