ထားဝယ် ၂၈ မတ်

 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် PPE ဝတ်စုံနှင့် ကိုယ်အပူချိန်တိုင်းကိရိယာ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် နာရီက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရန်အတွက် လိုအပ်သော အသုံးအဆောင်နှင့် ဆေးများ ဝယ်ယူဖြည့်ဆည်းလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံမှ နေရပ်ပြန်သူများအား COVID-19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ရေးပစ္စည်းများအား လုံလောက်မှုရှိရန် ဖြည့်ဆည်းလျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 နှင့်ပတ်သက်၍ ထုတ်ပြန်သော ညွှန်ကြားချက်များကို အလေးထားလိုက်နာရမည်ဖြစ်ကြောင်း၊ လိုက်နာမှုမရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ခရိုင်/မြို့နယ်၊ ရပ်/ကျေးအဆင့်အထိ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရန်အတွက် Facility Quarantine လုပ်ဆောင်ချက်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ရောဂါသည် ကူးစက်မြန်သည့် ရောဂါဖြစ်သောကြောင့် ပြည်သူတစ်ဦးချင်းက ထိထိရောက်ရောက် လိုက်နာဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ PPE ဝတ်စုံ ၅၀၀ နှင့် အပူချိန်တိုင်းကိရိယာ ၇၀ ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမင်းက လက်ခံယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက COVID-19 ရောဂါ ကူးစက်သူ ရှိလာပါက ထားဝယ်ပြည်သူ့ဆေးရုံကြီးအတွင်း သီးသန့်ဆောင် ပြင်ဆင်ထားရှိမှု အခြေအနေအား လည်းကောင်း၊ Facility Quarantine အတွက် ထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်း၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) နည်းပညာတက္ကသိုလ်(ထားဝယ်) ထားဝယ်တက္ကသိုလ်များမှ ကျောင်းသား/ကျောင်းသူ အိပ်ဆောင်များတွင် ပြင်ဆင်ထားရှိမှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က လိုအပ်သည်များ မှာကြားခဲ့သည်။

 

၎င်းနောက် တာဝန်ရှိသူများက လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာ၊ အခြေခံပညာအထက်တန်း၊ ခရေဆောင်၌ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား ၁၄ ရက်စောင့်ကြည့်ရန်အတွက် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

ထားဝယ်ခရိုင်(ပြန်/ဆက်)