မယ်စဲ့ ၂၈ မတ်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ ယနေ့နံနက် ၇ နာရီက မယ်စဲ့မြို့နယ်တွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာမည့်သူများအား Facilities Quarantine ဖြင့် ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုထားရှိမည့် နေရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်၊
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများသည် မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား Facilities Quarantine ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုနေမှု အခြေအနေ၊ နေထိုင်စားသောက်ရေး ဆောင်ရွက်ထားရှိသည့် အစီအမံများအပြင် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိရန်အတွက် ခုတင်များပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို စီမံဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မယ်စဲ့ဘီပီ(၁၃)ဂိတ်အနီးရှိ ဝင်ပေါက်/ထွက်ပေါက်များတွင် ထိုင်းနိုင်ငံမှ တရားမဝင် ပြန်လည်ဝင်ရောက်လာနိုင်သူများအား ကျန်းမာရေး စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် ဘီပီ(၁၃)ဂိတ်မှ ပြောင်းရွှေ့နေရာချထားမည့် နမ့်မန်းကျေးရွာ စိစစ်လက်ခံပူးပေါင်းစစ်ဆေးရေးဂိတ်အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်အစီအမံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် မှာကြားဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မယ်စဲ့မြို့ မြို့နယ်ခန်းမသို့ ရောက်ရှိပြီး စောင့်ကြပ်လူနာ သီးခြားထားရှိရန်အတွက် စီစဉ်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး နေရပ်ပြန် ပြည်သူများ၏ ကျန်းမာရေး လုံခြုံမှုရှိစေရန်အတွက် အ.ထ.က(မယ်စဲ့)သို့ ပြောင်းရွှေ့ပြီး တည်းခိုနိုင်ရေး အဆင်ပြေစေရန်အတွက် စီစဉ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မယ်စဲ့ကုန်သွယ်ရေးစခန်း ယာဉ်ငယ်စစ်ဆေးရေးဂိတ်နှင့် ဝန်ထမ်းများအိပ်ဆောင် ဆောက်လုပ်နေမှုအခြေအနေနှင့် မယ်စဲ့ကုန်သွယ်ရေးစခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်ရှေ့တွင် မယ်စဲ့မြို့အဝင် ဆိုင်းဘုတ်ဆောင်ရွက်မည့် မြေနေရာသို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် မယ်ဆည်နမ်ကျေးရွာတွင် ကျန်းမာရေး စစ်ဆေးဆောင်ရွက်လျက်ရှိသော ပူးပေါင်းစစ်ဆေးရေးဂိတ်အား ကြည့်ရှုစစ်ဆေးပြီး အဝင်/အထွက်များကို သေချာစိစစ်ပြီး တစ်ဦးချင်း ကျန်းမာရေးအသိပညာပေး၍ နားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားကြရန် မှာကြားသည်။
“ကယားပြည်နယ်အတွင်းမှာ COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ တတ်နိုင်တဲ့ဘက်မှ အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးနေသလို ပြည်သူတွေဘက်ကလည်း ဆောင်ရွက်ပေးနေတဲ့ အစီအမံတွေကို အလေးအနက်ထား လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားသည်။
မယ်စဲ့မြို့နယ်တွင် ဘီပီ-၁၃ နှင့် ဘီပီ-၁၄ နယ်စပ်ဂိတ်များအပြင် အခြားဝင်ပေါက်/ ထွက်ပေါက်များမှ အိမ်နီးချင်း ထိုင်းနိုင်ငံမှ အကြောင်းအမျိုးမျိုးနှင့် ပြန်လည်ဝင်ရောက်လာနိုင်သဖြင့် ပြန်လည်ဝင်ရောက်လာသူများအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စောင့်ကြည့်ပြီး အဆင့်(၃)ဆင့်ဖြင့် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ပထမအဆင့်အနေဖြင့် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား အ.ထ.က(မယ်စဲ့)တွင် ခုတင်အလုံး ၅၀ ပြင်ဆင်ထားရှိပြီး အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း Facilities Quarantine ပြုလုပ်ထားကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အဆိုပါ စောင့်ကြည့်လူနာများထဲမှ ရောဂါလက္ခဏာရှိသည့် သံသယလူနာရှိပါက မြို့နယ် ပြည့်သူ့ဆေးရုံ Facilities Quarantine စီစဉ်ထားသည့် နေရာသို့ ပြောင်းရွှေ့ထားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစစ်ဆေးချက်တွင် ပိုးတွေ့ရှိပါက တတိယအဆင့်အနေဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် Isolation UNIT ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်ပါက ပြည်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းထံမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


