၁။         Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် ၂/၂၀၂၀ ၏ ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလောစီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍများအဖြစ် သတ်မှတ်၍ ၁၀၀ ဘီလီယံ ကျပ်ဖြင့် COVID-19 Fund ထူထောင်ကာ ချေးငွေများ ထုတ်ချေးပေးရန် ဆုံးဖြတ်ခဲ့ပါသည်။

 

၂။         အဆိုပါ ချေးငွေကို ဦးစားပေးကုစားရမည့် ကဏ္ဍများတွင် အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်း များကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေးသွားမည်ဖြစ်ပါသည်။

 

၃။         သို့ပါ၍ ဉီးစားပေးကုစားရမည့် ကဏ္ဍများရှိ အောက်ပါအချက်များနှင့် အကျုံးဝင် ကိုက်ညီသော စီးပွားရေးလုပ်ငန်းများအနေဖြင့် ချေးငွေရယူနိုင်ရေး လျှောက်ထားနိုင်ပါသည်-

 

(က)     COVID-19 ကြောင့် အမှန်တကယ် ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်း ဖြစ်ရမည်။

 

( ခ )     လက်ရှိ လည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ရမည် သို့မဟုတ် ယခု ကြေညာချက် ထုတ်ပြန်သည့်နေ့မှ ယခင် ၃ လအတွင်း ယာယီရပ်စဲထားပြီး ချေးငွေရရှိပါက ချက်ချင်း ပြန်လည်စတင် လည်ပတ်နိုင်သည့်လုပ်ငန်းဖြစ်ရမည်။

 

( ဂ )     ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက် လုပ်ငန်း လိုင်စင်ရထားပြီးသည့်လုပ်ငန်း ဖြစ်ရမည်။

 

(ဃ)     လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း နှစ်စဉ်၀င်ငွေရရှိနေသော လုပ်ငန်းဖြစ်ရမည်။

 

( င )     ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိသည့်လုပ်ငန်း ဖြစ်ရမည်။

 

( စ )     ချေးငွေအား ဝန်ထမ်းနှင့် လုပ်သားများ လစာပေးရန်နှင့် လက်ရှိလုပ်ငန်းလည်ပတ်ရန် ကိစ္စအတွက်သာ အသုံးပြုမည့်လုပ်ငန်းဖြစ်ရမည်။

 

(ဆ)     ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်ရုံးက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်းခံရသည့် (သို့မဟုတ်) မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့် ကုမ္ပဏီ မဖြစ်စေရ။ ကုမ္ပဏီ မဟုတ်သော စီးပွားရေးလုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန/ အဖွဲ့အစည်းက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်း ခံရသည့် (သို့မဟုတ်) မှတ်ပုံတင်စာရင်းမှ ပယ်ဖျက် ခြင်းခံထားရသည့် စီးပွားရေးလုပ်ငန်း မဖြစ်စေရ။

 

()     ဝင်ငွေခွန်/ ကုန်သွယ်ခွန်/ အထူးကုန်စည်ခွန် ပေးဆောင်ထားသည့် လုပ်ငန်းဖြစ် ရမည်။

 

(ဈ)     လူမှုဖူလုံရေး ထည့်၀င်ကြေး ပုံမှန်ထည့်၀င်ထားသည့် လုပ်ငန်းကိုဦးစားပေးနိုင်သည်။

 

(ည)     ကုမ္ပဏီဖြစ်ပါက ဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီမဟုတ်ပါက ချေးငွေရယူသည့် လုပ်ငန်းပိုင်ရှင်မှ ချေးငွေအားပြန်လည်ပေးဆပ်ရန် အာမခံချက်ပေးနိုင်ရမည်။

 

၄။         ချေးငွေပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် မည်ဖြစ်သည်။ ထို့အပြင် ချေးငွေရယူထားသည့် လုပ်ငန်းများအနေဖြင့် ချေးငွေပေးဆပ်မှုပျက်ကွက် ပါက Credit Bureau တွင် Negative List အဖြစ် ထည့်သွင်းခံရမည်ဖြစ်ပြီး ဘဏ်၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတို့မှ ချေးငွေရယူနိုင်ခြင်းမရှိစေရန် စီစဉ်သွားမည်

 

၅။        ချေးငွေများကို သတ်မှတ်ထားသည့် အဆိုပြုလျှောက်လွှာပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရန် စာရွက်စာတမ်း အချက်အလက်များ ပြည့်စုံစွာ ဖော်ပြရမည် ဖြစ်ပါသည်။ သတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီခြင်း မရှိသည့် လျှောက်လွှာများကို လက်ခံဆောင်ရွက် ပေးမည်မဟုတ်ပါ။

 

၆။        လျှောက်လွှာများကို အောက်ပါရုံး၊ ဌာနများတွင် ရယူနိုင်ပါသည် -

 

            (က)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်မြို့။

            ( ခ )     တိုင်းဒေသကြီးနှင့် ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် အသင်းရုံးများ။

            ( ဂ )     ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ရုံးများ။

            (ဃ)     စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရုံးများ။

            ( င )     ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရုံးများ။

 

၇။        လျှောက်လွှာများကို အောက်ဖော်ပြပါ website များမှလည်း ထုတ်ယူနိုင်ပါသည် -

            (က)     www.mopfi.gov.mm

            (ခ)     www.mifer.gov.mm

            (ဂ)     www.msme.gov.mm

            (ဃ)     www.tourism.gov.mm

            (င)     www.dica.gov.mm

            (စ)     www.umfcci.com.mm

 

၈။        လျှောက်လွှာများကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်မှ ဧပြီ ၉ ရက်အတွင်း နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း အောက်ပါနေရာများ၌ လက်ခံသွားမည် ဖြစ်ပါသည် -

 

            (က)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်မြို့။

 

            ( ခ )     တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် အသင်းရုံးများ။

 

၉။        လျှောက်လွှာလက်ခံရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်ထက်  ကျော်လွန်တင်ပြလာသည့် လျှောက်လွှာများအား လက်ခံဆောင်ရွက်ခြင်း ပြုမည်မဟုတ်ပါ။

 

၁၀။      ချေးငွေလျှောက်ထားခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသည့် အချက်များရှိပါက အောက် ဖော်ပြပါရုံး၊ ဌာနနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်-

 

            (က)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်       ၀၁ - ၂၃၁၄၃၄၃

                        စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်။                  ၀၁ - ၂၃၀၂၄၈၅

                                                                                                   ၀၁ - ၂၃၀၁၅၆၂

                                                                                                   [email protected]

            (ခ)     ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန။     ၀၁ - ၆၅၈၁၂၁

                                                                                                   ၀၁ - ၆၅၈၁၃၁

            (ဂ)     စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန။             ၀၉၅၁၅၃၉၄၆

            (ဃ)     ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန။                 ၀၉၅၀၃၄၅၈၂

 

၁၁။      COVID-19 ကြောင့် ထိခိုက်မှုရှိနေသည့် အပိုဒ် ၁ ပါ ကဏ္ဍများမှ သတ်မှတ်ချက်များနှင့် ကိုက်ညီ သည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ချေးငွေလျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

                                    Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ