ကန်ကြီးထောင့် ၂၈ မတ်

 

COVID-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် ပြည်ပမှ ပြန်လည်‌ရောက်ရှိလာသူများအား ၁၄ ရက်တာ စောင့်ကြပ်ကြည့်ရှုခြင်းကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ကာ (အ.ထ.က) ကန်ကြီးထောင့်၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယနေ့အထိ ကန်ကြီးထောင့်မြို့နယ်တွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ ပြန်လည်ဝင်‌ရောက်လာသူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၉ ဦးကို သီးခြားထားစောင့်ကြပ် ကြည့်ရှုပေးလျက်ရှိပြီး အားလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်းနှင့် ထပ်မံရောက်ရှိလာမည့်သူများကိုလည်း သီးသန့်စောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောသည်။

 

ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြည်ပမှ ပြန်လည်‌ရောက်ရှိလာသူများကို စနစ်တကျ စာရင်းမှတ်တမ်းရေးသွင်းခြင်း အမျိုးသား၊ အမျိုးသမီး အဆောင်များခွဲ၍ နေရာချထားပေးခြင်းနှင့် နေထိုင်စားသောက်ရေးအတွက် စနစ်တကျ ပြင်ဆင်ထားရှိပေးထားပါကြောင်းနှင့် လုံခြုံရေးဆိုင်ရာများအတွက် အပြင်စည်း၊ အတွင်းစည်းများကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက်ပေးထားကြောင်း ဆက်လက်ပြောကြားထားသည်။

 

သီးခြားထားရှိသည့် ပြည်ပမှပြန်လာသူများ၏ ကျန်းမာရေးဆိုင်ရာများကို တကုန်းကြီးကျေးရွာ ကျန်းမာရေးမှူး ဦးဉာဏ်လင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများမှ နေ့စဉ်စောင့်ကြည့် စစ်ဆေးပေးသွားမှာဖြစ်ပြီး သံသယဖြစ်ဖွယ် လူတွေ့ရှိပါက PPE ဝတ်စုံအပြည့်အစုံဝတ်၍ အရေးပေါ်ယာဉ်ဖြင့် ဆေးရုံသို့ အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းသွားမှာဖြစ်ကြောင်း Quarantine Officer ဒေါ်မြင့်မြင့်သန်းထံမှ သိရသည်။

 

နန်းထိုက် (KGD)