ကျောက်ကြီး   ၂၈  မတ်

 

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြသောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မတ် ၂၈ ရက်က စတင်ပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးကို အရှိန်ဟုန်မြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန့်ကြားမှုအရ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန်၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား စဉ်ဆက်မပြတ် စောင့်ကြည့်ရန်၊ စောင့်ကြည့်နေရာ သွင်းထားနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆပ်ကော်မတီများ ဖွဲ့စည်းခြင်း၊ မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်နှင့် ပက်သက်သည့် သတင်းများအား အချိန်နှင့်တစ်ပြေးညီ ပြည်သူများသိရှိနိုင်ရန်အတွက် သတင်းမှန်ပြန်ကြားရေးအဖွဲ့အား ဖွဲ့စည်းခြင်း၊ စောင့်ကြည့်နေရာ၌ထားသည့် နေရပ်ပြန်များ နေထိုင်စားသောက်ရေးနှင့် လုံခြုံရေးအတွက် အသေးစိတ်အစီအမံများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြည်ပပြန်ပြည်သူများအတွက် ကျောက်ကြီးမြို့ အ.ထ.က ကျောင်း၊ နတ်သံကွင်း တိုက်နယ် အ.ထ.က ကျောင်း၊ မုန်းတိုက်နယ် အ.ထ.က ကျောင်းတို့တွင် စောင့်ကြည့်နေရာများဖွင့်လှစ်ပြီး နိုင်ငံခြားမှ နေရပ်ပြန်လည်ရောက်ရှိလာသူများအား ကျန်းမာရေးအခြေအနေ (၁၄)ရက် စောင့်ကြည့် စီမံဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်း လှုံဆော်ရေးဆောင်ရွက်ခြင်း၊ လူစည်ကားသွားလာတတ်သည့် နေရာများတွင် ဗီနိုင်းပိုစတာထောင်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ အရှိန်ဟုန်မြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)