နေပြည်တော် ၂၈ မတ်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျင်းပသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၃/၂၀၂၀) နှင့် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးများ၌ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိနေပြီဖြစ်သဖြင့် လက်ရှိဆောင်ရွက်နေသော ရောဂါကာကွယ် ထိန်းချုပ်ရေးနည်းဗျူဟာများကို ပြောင်းလဲလာသော အခြေအနေများနှင့်အညီ မွမ်းမံဆောင်ရွက်ရန်၊ ဓာတ်ခွဲအတည်ပြုလူနာ (၈) ဦးနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေထောက်လှမ်း ဖော်ထုတ် (contact tracing) မှုများကို အားဖြည့်ဆောင်ရွက်ရန်၊ ဆေးရုံများတွင် ရောဂါပိုးကူး စက်ပြန့်ပွားခြင်း ကာကွယ်ရေးလုပ်ငန်းများကို လုပ်ငန်းလမ်းညွှန်များနှင့် အညီစနစ်တကျ ဆောင်ရွက်ရန်၊ အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းလမ်းညွှန်များနှင့် အညီလိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ယနေ့ပြုလုပ်သော အစည်းအဝေးများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရောဂါဖြစ်ပွားမှုများပြားရာ နိုင်ငံများမှ လေကြောင်းခရီးဖြင့် ပြည်တွင်းသို့ ရောက်ရှိသူများအား အသွားအလာ ကန့်သတ်ထားရှိရန် နေရာများ ရရှိရန်ရှာဖွေနေမှု အခြေအနေများ၊ နယ်စပ်ဝင်၊ ထွက်ပေါက်များမှ ပြည်တွင်းသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်နေမှု အခြေအနေ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် လက်ကိုင်အသံချဲ့စက်ငယ်များ အသုံးပြု၍ အသွားအလာကန့်သတ်ခြင်းတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်နေမှုများ၊ COVID-19 ရောဂါ ရှာဖွေစစ်ဆေးရေးအတွက် Rapid Diagnosis Test Kit များ အသုံးပြုပါက ဖြစ်ပေါ်လာနိုင်သည့် အားသာချက်နှင့် အားနည်းချက်များ၊ တစ်ကိုယ်ရည်သုံးရောဂါ ကာကွယ်ရေးဝတ်စုံများ၊ အသက်ရှူစက်များ အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ ဖြန့်ဝေထားရှိမှု၊ မှာယူထားရှိမှုနှင့် ထပ်မံရောက်ရှိလာမည့်အခြေအနေ၊ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၈) ဦးနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေထောက်လှမ်းဖော်ထုတ်ကာ (contact tracing) ကာ အသွားအလာကန့်သတ်ထားရှိမှု၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ဆေးရုံများတွင် စောင့်ကြည့်လူနာများနှင့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအား သီးခြားထားရှိ ကုသပေးနေမှုများနှင့် လူနာများထပ်မံတွေ့ရှိပါက ပြင်ဆင်ထားရှိသည့် အခြေအနေ၊ စောင့်ကြည့်လူနာများနှင့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအား ကုသမှုပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်စားသောက်နိုင်ရန် အစီအစဉ်များ ပြုလုပ်ထားရှိမှု၊ အခြားနိုင်ငံများတွင် COVID-19 ရောဂါကုသရာတွင် Hydroxychloroquine နှင့် Azithromycin ဆေးဝါးများ အသုံးပြုနေမှုအခြေအနေများနှင့် ကုထုံးဆိုင်ရာကိစ္စရပ်များနှင့် အထွေထွေကိစ္စ ရပ်များဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး၊ ကုသရေး၊ ဝယ်ယူဖြန့်ဖြူးရေး၊ ဝန်ထမ်းရေးရာ၊ ဓာတ်ခွဲ၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေး၊ eHealth၊ ပြည်တွင်းပြည်ပဆက်ဆံရေး၊ စီမံခန့်ခွဲရေး စသည့် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


