ကျောင်းကုန်း ၂၈ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံရှိ ဒေါ်သန်းတင်ခန်းမဆောင်တွင် ယနေ့မွန်းလွဲ ၃ နာရီခွဲက Facility Quarantine ကြပ်မတ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းကာ နေ့စဉ်သတင်း ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်တွင် Facility Quarantine (၆)နေရာ ပြင်ဆင်ထားပြီး အ.မ.က မြို့မတွင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အ.ထ.က ဒေါင့်ကြီးတွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး နှစ်နေရာတွင် စုစုပေါင်း ၈ ဦး စောင့်ကြည့်ပုဂ္ဂိုလ်များ ထားရှိထားပြီး၊ ထိုနှစ်နေရာကို ကြပ်မတ်ကွပ်ကဲရေးအဖွဲ့က နေ့စဉ်သတင်းပေးပို့ရန်၊ နေ့စဉ် စွန့်ပစ်အမှိုက်ကိစ္စနှင့် အလှူငွေရရှိရေး ဆောင်ရွက်ကြရန်၊ ယာဉ်လိုင်းများ ရန်ကုန်မှ လိုက်ပါလာသူစာရင်း၌ လိပ်စာ/ဖုန်းနံပါတ် ရေးသားထားပြီး မြို့နယ်ကော်မတီသို့ နေ့စဉ် သတင်းပေးပို့ရန် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးအထောက်အကူပြု အဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ပြည်ပမှပြန်လာသူများ ရှိသည်ဟု သံသယရှိပါက ကြိုတင်သတင်းပေးပို့ကြရန် ပြည်သူများက ပူးပေါင်းပါဝင်ကြရန်လည်း ဆွေးနွေးခဲ့ကြကာ မြို့နယ်မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းက အလှူငွေကျပ် ၃ သိန်း လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


