ဒီးမော့ဆို ၂၉ မတ်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် COVID-19 ရောဂါအား ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွင်း ဝင်ထွက်သွားလာသည့် ဝင်ပေါက်များမှ စနစ်တကျ ကျန်းမာရေးစစ်ဆေးမှုခံယူပြီး ဝင်ရောက်စေရေး၊ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော ပြည်သူများအား သက်ဆိုင်ရာ မြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် Facilities Quarantine နေရာများတွင် စောင့်ကြပ်ကြည့်ရှုနိုင်စေရေး၊ Facilities Quarantine များ ဖွင့်လှစ်ရာတွင်လည်း အတတ်နိုင်ဆုံး လူစုလူဝေးဖြင့် ထားရှိခြင်းမျိုး မဟုတ်ဘဲ တစ်ဦးချင်းဖြစ်စေ၊ သတ်မှတ် အကွာအဝေးများအတိုင်း ဖြစ်စေ နေထိုင်စေရေးနှင့် စောင့်ကြည့်လူနာများ မှတဆင့် အချင်းချင်း ကူးစက်ပြန့်ပွားမှု မရှိဘဲ ထိန်းချုပ်နိုင်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

 

ထို့သို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင် တို့နှင့်အတူ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဝင်များ လိုက်ပါ၍ မြို့နယ်အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ဖရူဆိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ပြည်သူ့ဆေးရုံအတွင်း Isolation ၊ Hospital Quarantine ၊ Facilities Quarantine ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် Facilities Quarantine အရန်ထားရှိမည့် အခြေခံပညာအလယ်တန်းကျောင်းခွဲ (လောဘူးဒါး)နှင့် ဖရူဆိုမြို့ အခြေခံပညာအထက်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကာ ဖရူဆို မြို့နယ်ခန်းမတွင် နေရပ်ပြန် (၂၈)ဦးအား Facilities Quarantine စောင့်ကြပ်ကြည့်ရှုမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီးမော့ဆိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Facilities Quarantine ထားရှိဆောင်ရွက်နေမှု အခြေအနေများ၊ လက်ရှိတွင် နေရပ်ပြန် (၃၃)ဦးအား Facilities Quarantine ထားရှိမှု၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံအတွင်း Isolation ၊ Hospital Quarantine ၊ Facilities Quarantine ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒီးမော့ဆိုမြို့နယ် ဒေါတဝီ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပြည်နယ်အတွင်း ဝင်ထွက်သွားလာနေသော ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိနေမှု အခြေအနေများ၊ နန်းမယ်ခုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Facilities Quarantine ထားရှိနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လက်ရှိတွင် နေရပ်ပြန် (၇၁)ဦးအား စောင့်ကြပ်ကြည့်ရှုနေမှုနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ကပ္ပါယ်ခူ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဝင်ထွက်သွားလာနေသော ပြည်သူများအား ကျန်းမာရေး စစ်ဆေးခြင်း ဆောင်ရွက်နေမှု အခြေအနေမျာအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား လိုအပ်သည့် အထောက်အကူပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)