ပွင့်ဖြူ ၂၉ မတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ယောစုကျေးရွာနှင့် ရွာသစ်ကျေးရွာသို့ ဆက်သွယ်ထားသည့် လမ်းအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသခံပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် မတ် ၂၇ ရက်၊ နံနက်ပိုင်းက ကျေးရွာနေပြည်သူများ စုပေါင်း၍ ကျေးရွာချင်းဆက်လမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း စတင်ဖောက်လုပ် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖောက်လုပ်သည့် ကျေးရွာချင်းဆက်လမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်းမှာ လမ်းအရှည်ပေ ၅၀ဝ၀ ရှိပြီး ဒေသခံ ပြည်သူများ ရာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် သိန်း(၅၀) ခွင့်ပြုချထားပေးခဲ့ကြောင်း သိရသည်။ ယင်း ကျေးရွာချင်းဆက်လမ်းအား ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ဦးဆောင်ကာ ဒေသခံပြည်သူများ စုပေါင်း၍ လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မ ကျောက်ရောမြေခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့နယ်ဖွံ့ဖြိုး ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီမှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ယောစုကျေးရွာနှင့် ရွာသစ်ကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် ကျောက်ရောမြေခင်းခြင်း လုပ်ငန်း အဆင့်မြှင့်တင် ဖောက်လုပ်ပြီးစီးသွားပါက သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ယောစုကျေးရွာ၊ ပိန္နဲတောကျေးရွာ၊ ရွာသစ်ကျေးရွာတို့ အပါအဝင် ကျေးရွာပေါင်း(၆)ရွာမှ ဒေသခံကျေးလက်နေပြည်သူများ တစ်ရွာနှင့် တစ်ရွာ ရာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်မည့်အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ကိုလည်း များစွာအထောက်အကူပြုပေးနိုင်မည်ဖြစ်၍ ကျေးရွာနေပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း သရက်အုပ်ကျေးရွာအုပ်စု၊ ယောစုကျေးရွာရှိ ဒေသခံပြည်သူ ဦးသန်းထွန်းဦး က ပြောသည်။
ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း တိုင်းဒေသကြီးလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း ၁၀ဝ၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၁ ခု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


