ခန္တီး ၂၉ မတ်               

ခန္တီးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနသည် ယမန်နေ့မှစ၍ ခန္တီးမြို့နယ်အတွင်း လူစည်ကားရာ နေရာများဖြစ်သော ဈေးနှင့် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ပညာပေးခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ခန္တီးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနသည် မြို့ပေါ်တွင်သာမက ကျေးရွာများသို့ပါ သွားရောက်၍ COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်များ ဆောင်ရွက်ရန် စီမံထားကြောင်း ခန္တီးခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်လင်းထွဋ်က ပြောပြခဲ့သည်။

 

ခန္တီးခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် အစိုးရဌာနဆိုင်ရာအသီးသီးသာမက ခရိုင်ကြက်ခြေနီအသင်းနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းစသည့် အစိုးရမဟုတ်သော အသင်းအဖွဲ့များ ပူးပေါင်း၍  ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နိုင်ငံခြားမှပြန်လာသူများကို စောင့်ကြပ်ကြည့်ရှုခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(မောင်တက်လမ်း)