မတ္တရာ ၂၉ မတ်

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတဝန်ကြီး ဦးမျိုးသစ်သည် ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေရပ်ပြန်လာမည့် သူများအား ထားရှိမည့်နေရာများ ပြင်ဆင်ထားမှုများကို ယနေ့ နံနက် ၈နာရီက လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဝန်ကြီးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးဇော်မင်းလွင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေး နှင့် ဦးမင်းမင်း၊ COVID-19ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အဆင့် ကူးစက်ကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် မတ္တရာပြည်သူ့ဆေးရုံသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စောင့်ကြည့်လူနာများထားရှိမည့် အောင်မြေသုခ ဘုန်းတော်ကြီးကျောင်းတွင် စီစဉ်ဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

မတ္တရာမြို့နယ်တွင် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ ဝင်/ထွက် သွားလာသောနေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ လိုက်လံအသိပေးနှိုးဆော်ခြင်း၊ လူစုလူဝေးများ မဖြစ်ပေါ်စေရေးအတွက် အလှူမင်္ဂလာပွဲများ၊ အခမ်းအနားများအား တားမြစ်ခြင်း၊ စားသောက်ဆိုင်များနှင့် အစားအသောက် ရောင်းချသည့်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချစေခြင်းစသည့် ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)