မုံရွာ ၂၉ မတ်

 

ရွှေဘိုမြို့ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ ရွှေဘိုခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

mdn

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးများက အနီးကပ်ကြီးကြပ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် စုပေါင်းပြီး အများပြည်သူဘေးအန္တရာယ်ကင်းရှင်းစေရေးကို အထူးအလေးထား၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဒေသခံအလှူရှင်များပူးပေါင်းပြီး အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြည်သူ့ကျန်းမားရေးဦးစီးဌာန အတွက်  ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရာတွင် အသုံးပြုရန်အတွက် ငွေကျပ်(၃၅၄) သိန်းနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအတွက် လိုအပ်လျက်ရှိသော ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ကိုရိုနာဗိုင်းရပ်ရောဂါနှင့်ပတ်သက်၍လည်း အသိပညာပေးလုပ်ငန်းများကို ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်းဆောင်ရွက်ပေးစေကြောင်း၊ ရွှေဘိုမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင်၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ယခုကဲ့သို့ ပြည်သူများ၊ အလှူရှင်များဖြင့်ပူးပေါင်း၍ စဉ်ဆက်မပျက် မိမိတို့ဒေသအကျိုးအတွက် အားလုံးပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။

 

ဆက်လက်၍ ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်၍ ဆေးရုံအုပ်ကြီးက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် လိုအပ်ချက်များကို တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် ဆေးရုံအုပ်ကြီးက အလှူရှင်များ၏ အလှူငွေကျပ်(၃၅၄)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းများ တန်ဖိုးငွေကျပ် သိန်း(၅၀ဝ)၊ စုစုပေါင်းလှူဒါန်းငွေကျပ် (၈၅၄)သိန်း အား လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း ကိုရိုနာဗိုင်းရပ်ကြိုတင်ကာကွယ်ရေးအတွက် သံသယလူနာဆောင် ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် ယနေ့ နံနက် ၈ နာရီခွဲက ရွှေဘိုခရိုင် ကျောင်းမြောင်းမြို့နယ်အတွင်းရှိ ကျောင်းမြောင်း-စဉ့်ကူး ဧရာဝတီမြစ်ကူး ရတနာသိင်္ဃတံတား ကိုရိုနာဗိုင်းရပ်ကြိုတင်ကာကွယ်ရေးစစ်ဆေးရေးဂိတ်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ဆေးဝါးများနှင့် အလှူငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက်တွင် ကျောင်းမြောင်းတိုက်နယ်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအားတွေ့ဆုံရာ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရန် မိမိတို့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှစပြီး ကျန်းမာရေးအသိပညာများကို စနစ်တကျလိုက်နာဆောင်ရွက်ပြီး ပြည်သူများပူးပေါင်းပါဝင်လာအောင် စည်းရုံးပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြဖို့လိုကြောင်း တိုက်တွန်း မှာကြားခဲ့သည်။

 

ထွန်းကိုကို(ယင်းမာပင်)