စစ်တေွ ၂၉ မတ်
ရခိုင်ပြည်နယ်၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ နိုင်ငံရပ်ခြားမှ ပြန်လည် ဝင်ရောက်လာသူများနှင့် ထပ်မံရောက်ရှိလာမည့်သူများအား စောင့်ကြပ်ကြည့်ရှုခြင်း ပြုလုပ်သွားနိုင်ရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် လိုအပ်သည့် ပစ္စည်းကိရိယာများကို လိုအပ်သည်ထက် ပိုမိုအောင်ပြုစုထားရန် လိုအပ်ကြောင်းနှင့် ပြန်လည်ဝင်ရောက်လာသူများကိုလည်း မိမိတို့နေအိမ်များတွင် စောင့်ကြပ်ကြည့်ရှုခြင်း တို့ကို အထူးအလေးပေး ဆောင်ရွက်ပြီး ပြည်သူများပူးပေါင်းပါဝင်လာအောင်လည်း စည်းရုံး လှုံ့ဆော်မှု များ ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ COVID - 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်က COVID - 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို တင်ပြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ကော်မတီဝင်များက COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ဆေင်ရွက်ထားသင့်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာ စကား ပြောကြားပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


