ဝါးခယ်မ ၂၉  မတ် 

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း COVID-19 ရောဂါ  ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်သည့် အနေဖြင့် မြို့မစျေးအတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ကျန်းမာရေး အထောက်အကူပြုအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းပြီး မြို့မစျေးအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများအား ယနေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။

 

“ စျေးဆိုတာမျိုးက အဓိက လူစည်ကားရာနေရာ ဖြစ်နေတယ်။ နေ့စဉ် စျေးရောင်း၊ စျေးဝယ်တွေနဲ့ လူထူထပ်တဲ့ နေရာဖြစ်တဲ့အတွက် အခုလို ဆေးဖြန်းတာဖြစ်တယ်။ သားငါးရောင်းချတဲ့နေရာအပါအဝင် တစ်စျေးလုံး ဆေးဖြန်းတာပါ” ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးက ပြောသည်။ 

 

“ကျွန်တော်တို့ လူမှုရေးအဖွဲ့အစည်းတွေအနေနဲ့ တက်နိုင်သမျှ မြို့နယ်အတွက် ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။ မြို့နယ်အတွင်းမှာ အခု မြို့မစျေး ဆေးဖြန်းတာအပါအဝင် ဌာနဆိုင်ရာရုံးများ၊ အဝေးပြေး ကားကွင်း၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများ၊ လှေကျင်းစျေးလေး၊ သင်္ဘောဆိပ်များကို ဆေးဖြန်းခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်” ဟု  “ဘက်စုံ စုပေါင်းကွန်ယက် ဝါးခယ်မ” ဦးဆောင်သူ ဦးကျော်စိုးနိုင်က ပြောသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)