ညောင်ဦး ၂၉ မတ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသသို့ ရောက်ရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ COVID-19 ရောဂါပိုး တွေ့ရှိသူအသက် ၆၀ နှစ် ဧည့်လမ်းညွှန် အမျိုးသမီး နှင့် ထိတွေ့ခဲ့သူများအား သီးခြားခွဲထားခြင်းနှင့် စားသောက်ဆိုင် (၄) ဆိုင်၊ မော်တော်ယာဉ်၊ စက်လှေ၊ မြင်းလှည်းတို့အား မတ် ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ကာ ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် ၆၀ နှစ် ဧည့်လမ်းညွှန်အမျိုးသမီးမှာ မတ် ၁၇ ရက်နေ့က ညောင်ဦးမြို့နယ်သို့ ရောက်ရှိလာပြီး ၎င်းနှင့် ထိတွေ့ခဲ့သည့် စက်လှေမောင်း ၃ ဦး၊ မြင်းလှည်းမောင်းသူ ၆ ဦး၊ ခရီးသွားလုပ်ငန်းမှ ၄ ဦး၊ ယာဉ်မောင်းနှင့်သူ၏ မိသားစု ၅ ဦး၊ လူစီးမီးပုံးပျံကုမ္ပဏီမှ ၁၄ ဦး၊ စားသောက်ဆိုင် ၄ ဆိုင်မှ ၁၁ ဦးနှင့် တည်းခိုခဲ့သည့် ဟိုတယ်မှ ၁၅ ဦးတို့အား ရာဇဂြိုလ်ဟိုတယ်တွင် စောင့်ကြည့်ရမည့်သူများအဖြစ် စီမံထားရှိကြောင်း သိရသည်။
အဆိုပါ ထိတွေ့ခဲ့သူများထဲမှ ပစ္စည်းသယ်ဆောင်သူ ၁ ဦးမှာဖျားခြင်း၊ လည်ချောင်းနာခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ညောင်ဦးမြို့ ပြည်သူ့ဆေးရုံတွင် Insolation ပြုလုပ်ပြီး ကုသပေးလျက်ရှိကြောင်း သိရသည်။ ၎င်းအမျိုးသမီးနှင့်အဖွဲ့ အသုံးပြုခဲ့သည့် စက်လှေများ၊ မြင်းလှည်းများ၊ ကားများ၊ ယွန်းထည်ဆိုင်၊ စားသောက်ဆိုင်များ၊ ဟိုတယ်များအား ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း COVID-19 ခရိုင်စီမံခန့်ခွဲမှုကော်မတီထံက သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


