မြိတ် ၂၉ မတ်
မြိတ်မြို့၌ Covid-19 ရောဂါ သံသယလူနာတွေ့ရှိပါက ဆေးရုံပို့ဆောင်ရာတွင် ရောဂါကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် တီထွင်ထားသော Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြုယာဉ်အား မြိတ်ခရိုင် Covid-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဦးစီးကော်မတီမှ ယနေ့ နံနက်ပိုင်းက သွားရောက် ကြည့်ရှုခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးလုံခြုံမှုဆိုင်ရာများကို အကြံပြုပေးခဲ့ကြောင်း သိရသည်။
“Covid-19 ရောဂါ သံသယလူနာတွေ ဆေးရုံပို့ဆောင်တဲ့အခါမှာ လုံခြုံမှုရှိအောင်၊ ရောဂါကူးစက်နိုင်မှုနှင့် ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်အောင် လုံခြုံမှုရှိတဲ့ ကားတစ်စီးလိုအပ်မယ်ထင်လို့ အကောင်အထည်ဖော်ဖြစ်တာပါ” ဟု Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြုယာဉ် တီထွင်ထားသည့် ပုလဲဒီပါရပ်ကွက်မှ ကိုကိုင်ဇာ (အဲယားကွန်းရေခဲသေတ္တာ ပြုပြင်ရေးလုပ်ငန်း) က တီထွင်သည့် ရည်ရွယ်ချက်ကို ပြောပြသည်။
အထောက်အကူပြုယာဉ်ကို အပြင်ကို ရောဂါပိုးလုံးဝမထွက်နိုင်အောင် လုံခြုံမှုရှိစေရန် စတီး၊ ကော့ပို့စိပြား၊ မှန်၊ အဲယားကွန်း အသုံးပြုမှုစနစ်၊ ပိုးသတ်ဆေးစနစ်ကို အပြင်ဘက်မှ အခန်းအတွင်း အလွယ်တကူပိုးသတ်နိုင်ရန် စီစဉ်ထားကာ ပိုးသန့်စင်ပြီး မိနစ်(၃၀)အကြာ အနံ့မွန်ခြင်းမရှိစေရန် အနံ့ပြန်စုပ်ထုတ်သည့် လေပူလေအေးထုတ်သည့် စနစ်ကို အသုံးပြုထားကြောင်း၊ အဲယားကွန်းမှ ထွက်သည့်အရည်ကို အပြင်မထွက်စေရန် ပိုးသတ်ဆေးဗူးထဲ ပြန်ထည့် ထားကြောင်း၊ အထောက်အကူပြုယာဉ် တီထွင်ထားသည့်တန်ဖိုးမှာ ကားတန်ဖိုးမပါ ကျပ်သိန်း ၃၀ ကျော် ကုန်ကျကြောင်း တီထွင်သူထံမှ သိရသည်။
“ မြိတ်မြို့မှာ သံသယလူနာ တွေ့ရှိပါက (၂၄) နာရီအတွင်း ဘယ်အချိန်ခေါ်ခေါ် သွားရောက် သယ်ဆောင်ပေးသွားမှာပါ။ သံသယလူနာ လမ်းလျှောက်နိုင်ပါက တံခါးဖွင့်ပေးပြီး ၄င်းကိုယ်တိုင်တက်စေကာ တံခါးပိတ်ပြီး ကိုယ်တိုင် မောင်းပို့ပါ့မယ်။ သံသယလူနာသယ်ရပါက ဝတ်စုံပြည့်ဝတ်တဲ့သူကို သယ်ယူစေပြီး ကျန်းမာရေးဌာန လမ်းညွှန်ချက် အတိုင်း ဆောင်ရွက်သွားပါ့မယ်။ အထောက်အကူပြုယာဉ်တွင် လိုအပ်သည့် ကျန်းမာရေးလုံခြုံမှုများကို ကျန်းမာရေး ဌာနမှ အခုညွှန်ကြားခဲ့ပြီးပြီ။ ကျန်းမာရေးဌာနမှ အသုံးပြုနိုင်တဲ့အနေအထားမှာ ရှိတယ်လို့ ပြောတဲ့အတွက် ဝမ်းသာမိပါ တယ်။ လိုအပ်တဲ့ အကြံပြုချက်အတိုင်း ထပ်မံဆောင်ရွက်သွားပါ့မယ်” ဟု ကိုကိုင်ဇာ က ထပ်လောင်းပြောကြားသည်။
COVID-19 ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်ခရိုင် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဦးစီးကော်မတီမှ ဌာနဆိုင်ရာများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ပြည်သူ လူထုများပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အဆိုပါတီထွင်ထားသော အထောက်အကူပြုယာဉ်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ကော်မတီဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး အထောက်အကူပြုယာဉ်တွင် လိုအပ်သည့် ကျန်းမာရေးလုံခြုံမှုများကို အကြံပြုပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


