မိုင်းယောင်း ၂၉  မတ် 

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို စနစ်တကျလုပ်ဆောင်လျက်ရှိပြီး အဝေးပြေးယာဉ်များအား ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


    
မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါနှင့် ပတ်သက်ပြီး ကော်မတီဖွဲ့စည်းဆောင်ရွက်နေပြီး ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နေ့စဉ်လုပ်ဆောင်နေပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား ရပ်ကွက်/ ကျေးရွာများ အတွင်း ကွင်းဆင်းစာရင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် Home Quarantine အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် မိုးလုံလေလုံ အားကစားရုံ၊ အ.ထ.ကကျောင်းနှင့် ကျေးရွာရှိ အ.မ.က ကျောင်းတို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မည့် နေရာများအဖြစ် အသုံးပြုနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီး ပြည်သူများအနေဖြင့် လူစုလူဝေးမပြုလုပ်ရန်၊ Home Quarantine နှင့် ကိုဗစ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများတွင် “ပြည်သူသာလျှင် အဓိက” ဖြစ်သဖြင့် ရှမ်းပြည်နယ်အစိုးရ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုပါကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

 

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားလာခြင်း မရှိစေရေးအတွက် မြို့အဝင် မုန်းလိုက်တံတား တွင် မြို့နယ် အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာသူများအား  Infrared Thermometer စက်သုံးလုံးဖြင့် နေ့စဉ် စစ်ဆေး ဆောင်ရွက်နေပြီး စေတနာအလှူရှင်များမှ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အစားအသောက်နှင့် ထောက်ပံ့ပစ္စည်းများ လာရောက် လှူဒါန်းပေးလျက် ရှိကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)