မိတ္ထီလာ ၃၀ မတ်
မိတ္ထီလာမြို့ ကမ်းလင့်မယ့်လက်များ ပရဟိတသွေးအလှူရှင်အသင်းမှ သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေသည့် လဲတောကျေးရွာ မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်းသို့ ယနေ့နံနက်က သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကမ်းလင့်မယ့်လက်များ ပရဟိတသွေးအလှူရှင်အသင်းမှ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့် မိတ္ထီလာခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ မိဘမဲ့ဂေဟာများနှင့် ရပ်ကွက်ကျေးရွာများသို့ သွား ရောက်၍ သောက်သုံးရေများ လှူဒါန်းလျက်ရှိရာ မလှိုင်မြို့နယ် လဲတောကျေးရွာ မြစိမ်းတောင် ဘုန်းတော်ကြီးကျောင်းသို့ (၅)လီတာဆံ့ သောက်သုံးရေသန့်ဘူးကြီး ၂၀ဝ ကို ကမ်းလင့်မယ့်လက်များ ပရဟိတသွေးအလှူရှင်အသင်းမှ အဖွဲ့ဝင်များက သွားရောက်လှူဒါန်းခဲ့ကြောင်း၊ ယခုနှစ် ပူပြင်ရာသီတွင် လည်း သာစည်မြို့နယ်ရှိ ဖိုကုန်း၊ ကံဆွယ်၊ ကတ်ကျေးအင်း၊ ရွာပုလဲကြီး၊ ရွာပုလဲလေးကျေးရွာများအပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၃၀၆မိုင် ၂ ဖာလုံဘေးရှိ YGW မိဘမဲ့ကျောင်းသို့ ၅ လီတာဆံ့ ရေသန့်ဘူး ၂၀ဝ ကို လစဉ် သွားရောက်၍ သောက်သုံးရေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း ကမ်းလင့်မယ့် လက်များ ပရဟိတသွေးအလှူရှင်အသင်းမှ ဦးဆောင်သူ ဦးအောင်ဆန်းက ပြောကြားခဲ့သည်။
ကမ်းလင့်မယ့်လက်များ ပရဟိတသွေးအလှူရှင်းအသင်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ စတင်ဖွဲ့စည်း ခဲ့ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အသီးသီးမှ အဖွဲ့အတွင်းသို့ ဝင်ရောက်ခဲ့ရာ ယခုဆိုလျှင် အဖွဲ့ဝင် ၄၀ဝ ကျော်ရှိပြီး ကမ်းလင့်မယ့်လက်များ ပရဟိတသွေးအလှူရှင်အသင်းအနေဖြင့် သွေးအလှူရှင် လိုအပ်လာပါ အဖွဲ့ဝင်များမှ သွားရောက်လှူဒါန်းကြသည့်အပြင် မိတ္ထီလာခရိုင်အတွင်းရှိ ရပ်ကွက်ကျေးရွာ များတွင် သောက်သုံးရေလိုအပ်လို့ အကူအညီတောင်းခံလာပါက သောက်သုံးရေများကို သွားရောက်လှူဒါန်း ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


