မိုးညှင်း ၃၀ မတ်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် စောင့်ကြည့်လူနာများထားရှိရန်နေရာနှင့် ဘူတာရုံတို့တွင်မြို့နယ်စီံမံခန့်ခွဲမှုကော်မတီနှင့် တာဝန်ရှိသူများပူးပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့်ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတင်အေး၏ ဦးဆောင်မှုနှင့်မြို့နယ်စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူများ၊ကျန်းမာရေးဌာနမှ တာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်း စောင့်ကြည့်လူနာများသီးသန့်ထားရှိမည့် ပုညရှင်စက္ခုပါလ ဆေးရုံတွင် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အလားတူမီးရထားဘူတာရုံကြီးတွင်လည်း မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ် ဖွဲ့ဝင်များအင်အား(၅၀)ကျော်နှင့် မီးသတ်ကား(၂)စီးအသုံးပြု၍ ရေဖြင့်သန့်ရှင်းရေးဆောင်ရွက်ပြီး ပိုး သတ်ဆေးပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပိုးသတ်ဆေးဖြန်းခြင်းကိုယနေ့ညနေ(၅)နာရီအချိန်တွင်မြို့မဈေးကြီးကိုလည်းရေဖြင့်သန့်ရှင်းရေးဆောင်ရွက်ပြီးပိုးသတ်ဆေးပက်ဖြန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှသိရသည်။
ရောဂါဖြစ်ပွားမှုကိုကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း အချက်အချာနေရာများတွင် အသိပညာပေးဗွီနိုင်းများ စိုက်ထူထားရှိခြင်း၊ မြို့နယ်အတွင်းရှိကျေးရွာ၊ရပ်ကွက်များအလိုက် အသံချဲ့စက်များဖြင့် ပြည်သူများလိုက်နာဆောင်ရွက်ရန် လိုအပ်မည့်အသိပေးနိုးဆော်ချက်များကိုလည်း နေ့စဉ် ဆော်ဩပေးလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


