နေပြည်တော် ၃၀ မတ်

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် မတ် ၂၇ ရက်က COVID-19 ကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများကို ကုစားနိုင်ရေး မန္တလေးမြို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) နှင့် မြန်မာနိုင်ငံ စားသောက်ဆိုင်များအသင်း (မန္တလေးဇုန်) တို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လည်းကောင်း၊ မတ် ၂၈ ရက်တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့နှင့် လည်းကောင်း၊ မတ် ၂၉ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်) နှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်) တို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယခုကြုံတွေ့နေရသည့် COVID – 19 ကာလတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများသာမက ဆက်စပ်လုပ်ငန်းများအပေါ်တွင် များစွာထိခိုက်လျက်ရှိရာ သက်ဆိုင်ရာ လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ အခက်အခဲကြုံတွေ့နေရသည်ကို သိရှိပါကြောင်း၊ ထိုကဲ့သို့ ထိခိုက်မှုများကို နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှ ထိရောက်စွာပံ့ပိုးပေးရန်အတွက် အချက်အလက်များ ကောက်ခံရန် ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအပြင် ဆက်စပ်လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းထိခိုက်ရမှုများကို စနစ်တကျ တင်ပြနိုင်ရန် လိုအပ်ပြီး သက်ဆိုင်ရာ အသင်းအဖွဲ့များက ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး မေတ္တာရပ်ခံလိုပါကြောင်း။

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ကူညီပံ့ပိုးမှုရရှိစေရေးအတွက် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှုအများဆုံး ခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍများအဖြစ် သတ်မှတ်၍ ချေးငွေများထုတ်ချေးပေးရန် ဆောင်ရွက်လျက်ရှိရာ လိုအပ်မည့် ဘဏ္ဍာအရင်းအမြစ် ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းအသီးသီး ဆောင်ရွက်နေမှုနှင့် လိုအပ်သည့်ကိန်းဂဏန်းများကို တိတိကျကျ ကောက်ခံထားရှိတင်ပြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနလျာထားရန်ပုံငွေမှ ကျခံ၍ ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ ဝန်ထမ်းများအတွက် အခြေခံသင်တန်းများ၊ မွမ်းမံသင်တန်းများနှင့် အရည်အသွေးမြှင့် သင်တန်းများ ပို့ချနိုင်ရန်သာမက ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နယ်ပယ်များမှ လက်လုပ်လက်စားလုပ်သားများကိုပါ ခရီးသွား ဝန်ဆောင်မှုသင်တန်းများ ပို့ချသွားနိုင်ရန် ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များနှင့် ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက ၎င်းတို့၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှုများ၊ COVID-19 ကြောင့် လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများနှင့် COVID-19 အလွန်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေး ဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်