ဗန်းမော် ၃ဝ မတ်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့တွင် ကိုရိုနာဗိုင်းရပ် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပွဲကို မတ် ၃ဝ ရက် နံနက် ၁ဝ နာရီက လွယ်ဂျယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက ကိုရိုနာဗိုင်းရပ် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ကျန်းမာရေးစစ်ဆေးနေမှုများနှင့် အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အစီအမံများကို ပြောကြားသည်။
ယင်းနောက် လွယ်ဂျယ်မြို့ တရုတ်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ MASKS ၁ဝဝဝ ကိုလည်းကောင်း၊ JIAFA GROUP TRADING CO.,LTD မိသားစုမှ PPE ဝတ်စုံ ၅ဝ နှင့် MASKS ၁ဝဝဝ ကိုလည်းကောင်း၊ ဝင်းလိုက်ဟိုတယ်မိသားစုမှ MASKS ၅ဝဝ၊ နယ်စပ်စစ်ဆေးရေးစခန်း လွယ်ဂျယ် လဝကဌာနမှ PPE ဝတ်စုံ ၅၊ ဂရုဏာဖောင်ဒေးရှင်း(လွယ်ဂျယ်)မှ PPE ဝတ်စုံ ၂ဝ ကိုလည်းကောင်း၊ လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတို့က မြန်မာငွေကျပ် ၂၆ သိန်းနှင့် တရုတ်ငွေ ၄၅ဝဝ ယွမ်အား လှူဒါန်းခဲ့ကြရာ တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ပြည်သူ့ဆေးရုံတာဝန်ခံ ဆရာဝန် ဒေါက်တာလှအောင်က ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိန်းဖြူ (ပြန်/ဆက်)


