မော်လိုက် ၃၀ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများပေးအပ်ပွဲကို မတ် ၃၀ ရက် မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူငွေများပေးအပ်ပွဲတွင် မော်လိုက်(အရှေ့) သစ်ထုတ်ရေးဒေသ၊ တာဝန်ခံနှင့် ဝန်ထမ်းများ၊ မော်လိုက်(အရှေ့) သစ်ထုတ်ရေးဒေသရှိ လုပ်ငန်းရှင်များက မော်လိုက်မြို့နယ်အတွက် (၂၅)သိန်းနှင့် ဖောင်းပြင်မြို့နယ်အတွက် (၂၅)သိန်း စုစုပေါင်း လှူဒါန်းငွေကျပ် သိန်း (၅၀)ကို လက်ထောက်အထွေထွေမန်နေဂျာ ဦးမင်းအောင်နိုင်မှ ပေးအပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့က လက်ခံရယူခဲ့သည်။ ဆက်လက်၍ မြို့မိမြို့ဖများက ထောက်ပံ့လှူဒါန်းသည့် ငွေကျပ် ၄၂၅၀၀၀ တန်ဖိုးရှိ အပူချိန်တိုင်းကရိယာ (၅)ခုတို့ကို ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်နှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ယင်းနောက် မော်လိုက်မြို့ မြို့မိမြို့ဖ ဦးကျော်မင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး


