ရန်ကုန် ၃၀ မတ်
COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဝန်ထမ်းများက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အတွင်းအပြင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို မတ် ၂၉ ရက် ည ၉ နာရီက သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ပထမဦးဆုံး ရန်ကုန်ဆေးရုံကြီးကို စဖျန်းပါတယ်။ လမ်းမကြီးတွေလဲပါတယ်။ ထုတ်သုံးလို့ရတဲ့ကားတွေကို ထုတ်သုံးတယ်။ အတွင်းရောအပြင်ရောပေါ့။ အတွင်းပိုင်ကျတော့ ကားကြီးနဲ့ဝင်လို့မရဘူး။ အတွင်းပိုင်းတွေကိုတော့ နေရာအနှံ့ လူတွေဝင်ပြီးတော့ ဖျန်းပါတယ်။ ဆေးဖျန်းတာကတော့ YCDC ကပါပဲ။ ဖျန်းမယ့်နေရာတွေကိုတော့ ဆေးရုံအုပ်ကြီးက စီမံခန့်ခွဲတာပါ။ သူတို့ဖျန်းချင်တဲ့နေရာတွေကို လိုက်ဖျန်းပေးပါတယ်။ ရပ်ကွက်တွေထဲမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ဖျန်းချင်တာတွေရှိတယ်။ သူတို့က ကျွန်တော်တို့ကို ပြောပါတယ်၊ သူတို့တွေကိုလည်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတွေနဲ့ တွဲပေးပါတယ်။ မြို့နယ်တိုင်းကိုလည်း ဆေးပုံးတွေ ထုတ်ပေးထားပါတယ်" ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ထိုသို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများက ရေသည်ယာဉ်များ၊ ရေဖျန်းယာဉ်များဖြင့် ပိုးသတ်ဆေးဖျန်းနေမှုအား ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် မတ် ၃၀ ရက် ညပိုင်းတွင်လည်း မြောက်ဥက္ကလာပဆေးရုံကြီးနှင့် ဝေဘာဂီဆေးရုံများ၌လည်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


