ဘားအံ ၃၁ မတ်
COVID-19ရောဂါအခြေအနေများကြောင့် အသွားအလာတားမြစ် ပိတ်ပင်ခြင်းခံရသဖြင့် ထိုင်နိုင်ငံတွင်အလုပ် သွားရောက်လုပ်ကိုင်ကြသူ မြန်မာအလုပ်သမားများသည် မြဝတီမှတဆင့် ပြန်လည် ရောက်ရှိလာရာတွင် သီးသန့်ထား စောင့်ကြည့်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ဘားအံမြို့တွင် လူထုအခြေပြုစောင့်ကြည့်စခန်းအဖြစ် စီစဉ်ထားသည့် ထောင်ဝိ မိုးကုတ်ဝိပဿနာ အဖွဲ့ခွဲသို့ မတ်လ ၃၀ ရက်နေ့၊ ညနေပိုင်းက စတင်ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံကနေ ရန်ကုန်ကို ပြန်လည်ဝင်ရောက်မယ့် ကျားမပေါင်း(၁၀ဝ)ဦးခန့်ကို ဒီဘားအံမြို့ မိုးကုတ်ဝိပဿနာ အဖွဲ့ခွဲရှိ လူထုအခြေပြုစောင့်ကြည့်စခန်းမှာ Quarantine ၁၄ရက် စတင်လက်ခံသွားမှာ ဖြစ်ပါတယ်။ လူတစ်ဦးအတွက် ရေခွက်၊ဆပ်ပြာခွက်ဆပ်ပြာတစ်စုံစီ လက်ဆေးဟမ်းဂျယ်နဲ့ လက်ဆေးနိုင်ရေး၊ ခေါင်းအုံးအိပ်ယာခင်းတွေမနက်၊ ညထမင်း ကျွေးခြင်းတွေ ဆောင်ရွက်ပေးထားပါတယ်။ဒိအပြင် ကရင်ပြည်နယ်အတွင်း ပြန်ဝင်လာမယ့် သူတွေကိုလည်း နေရာဝင် ဆန့်မှုပေါ်မှာ မူတည်ပြီး ထားရှိပေးသွားမှာဖြစ်ပါတယ်။ ဘားအံမြို့မှာဆိုရင် လူထုအခြေပြုစောင့်ကြည့်စခန်း အနေဖြင့် အမှတ်(၈)ရပ်ကွက် မိုးကုတ်ဝိပဿနာတရားစခန်း၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၊အုန်းတပင်ကျေးရွာ အထက်တန်းကျောင်း၊ လှာကမြင်ကွက်သစ်မူလတန်း လွန်ကျောင်း နေရာတွေမှာ အဆင်သင့်စီမံဆောင်ရွက်ထားပြီး လက်ရှိစီစဉ် ဆောင်ရွက်မှုအခြေအနေအရ လူဦးရေ၅၀ဝခန့်ကို ထားရှိနိုင်မှာ ဖြစ်ပါတယ်လို့ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမော်က ပြောသည်။
အဆိုပါ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ထားသော ဘားအံမြို့ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲရှိ လူထု အခြေပြု စောင့်ကြည့်စခန်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသများသို့ ပြန်လည်သွားရောက်မည့် သူများအား ၁၄ရက်တာ ကာလအတွင်း စောင့်ကြည့်နေထိုင်ရန်အတွက် မှန်လုံခရီးသည်တင်ယာဉ်များဖြင့် ရောက်ရှိလာရာ တာဝန်ရှိသူများက အပူချိန်တိုင်းစစ်ဆေးနေရာချထားပေးခြင်းများ ဆောင်ရွက်ပေးကြောင်းနှင့် သောက်သုံးရေ၊ လျှပ်စစ်မီး၊ အိပ်ရာ၊ ကုတင်၊ အဆောက်အဦ လေဝင်/ထွက်ကောင်းမွန်စေပြီး ကျန်းမာရေးစောင့်ရှောင့်မှုများ၊ ရောဂါပိုးသန့်စင်ပစ္စည်းများ စနစ်တကျထားရှိနိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းစင်ကြယ်စေရေး၊ အသိပညာပေးမှုများ စသည့်လိုအပ်ချက်များကို ဌာနအသီးသီးက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)


