လွိုင်ကော်   ၃၁  မတ်

 

ကယားပြည်နယ် ဘောလခဲခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် တာဝန်ချထားသည့် ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များအတွက် တစ်လစာ ကျန်းမာရေးသုံးပစ္စည်းများနှင့် ရေသန့်များကို ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

2

 

ထိုသို့ပေးအပ်ရာတွင် ဘောလခဲခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်များဖြစ်သော ဘောလခဲ စစ်ဆေးရေးဂိတ်၊ ရွာသစ်ဒေါလဲဒူကျေးရွာသစ် စစ်ဆေးရေးဂိတ်၊ ဖားဆောင်းမြို့ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၊ မယ်စဲ့မြို့ နန့်မန်း စစ်ဆေးရေးဂိတ်နှင့် မယ်ဆည်နန် စစ်ဆေးရေးဂိတ်များတွင် တာဝန်ချထားသည့် ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များ စုစုပေါင်း ၆၅ ဦးအတွက် တစ်လစာ Mask ၁၉၅၀ ခု၊ ရေမလို လက်သန့်ဆေးရည် (၁၀၀၀)ml ၁၅၀ ဘူး၊ ရေသန့် တစ်လီတာဆံ့ ၃၉၀၀ ဘူးနှင့် မုန့် ၅ ပုံးအား ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ်မှ ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွင်း နယ်စပ်ဝင်ပေါက် များမှ လည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီး ဝင်ပေါက်များမှ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေး စစ်ဆေးဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် တာဝန်ချထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထွန်းလေး (ပြန်/ဆက်)