ကျေးသီး  ၃၁ မတ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။ 

 

01

 

အစည်းအဝေးတွင် ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမှိုင်းက အဖွင့်အမှာစကားပြောကြား ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေက ရပ်ကွက်၊ ကျေးရွာများတွင် ပြည်ပမှ ပြန်ရောက်လာသူများကို အသွားအလာ စောင့်ကြည့်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များအတူတကွ ပူးပေါင်းကာ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက်  မြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာစိုင်းဝေယံထက်က  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပေးသည်။

 

အဆိုပါ အစည်းအဝေးသို့ ကျေးသီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

နန်းမွမ်းဆိုင်(ပြန်/ဆက်)