နေပြည်တော် ၃၁ မတ်
Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ရန် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်းအစီအစဉ် (Community Based Facility Quarantine) ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဤအစီအစဉ်တွင် ပါဝင်သော သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မသန်စွမ်းသူများအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရောဂါပိုး ကူးစက်နေသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အမြန်ဆုံး စုံစမ်းရှာဖွေဖော်ထုတ် စစ်ဆေးနိုင်ရန် နည်းပညာ အကူအညီများ အသုံးပြုနိုင်ရေး ကြိုးပမ်းကြရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း။
ယခုကြိုတင်ညှိနှိုင်း အစည်းအဝေးတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စီမံခန့်ခွဲမှုတိုင်းတွင် လက်တွေ့ကျရန် လိုအပ်ကြောင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်မည့်သူများစာရင်းကို ညှိနှိုင်းတောင်းခံ စာရင်းပြုစုထားရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းနှင့် ထပ်ဆင့်ပြန့်ပွားခြင်းမရှိရန် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို အတိအကျသိရှိရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် အဆင့်ဆင့်ဆောင်ရွက်ရမည့် စံလုပ်ငန်းစဉ်များကို ကြိုတင်လေ့ကျင့်ပေးရမည် ဖြစ်ကြောင်း၊ မဖြစ်မနေလိုအပ်သော အကာအကွယ် အသုံးအဆောင်ပစ္စည်းများကို လုံလောက်စွာ ပုံမှန်ရရှိရန်နှင့် ကုန်ကျစရိတ်များကို ကြိုတင်တွက်ချက်ထားရမည် ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသေား ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ တည်ဆဲဥပဒေများကို ပြည်သူများက သိရှိလိုက်နာဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက် ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဦးစီးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီဝင် အမျိုးသမီးအဖွဲ့အစည်းများနှင့် အင်တာနက် ကွန်ရက်အသုံးပြု Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် နေပြည်တော် ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဦးစီးဌာနများနှင့် ပရဟိတလူမှု အဖွဲ့အစည်းများမှ တာဝန်ယူဆောင်ရွက်နိုင်သော အဖွဲ့အစည်းများ ချိတ်ဆက်ထားရှိမှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ရှင်းလင်းခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက်၊ အမျိုးသမီးအဖွဲ့များကွန်ရက်၊ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်ရေးအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်နှင့် ဝိဿခါဖောင်ဒေးရှင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရာတွင် ပြည်သူများကို အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပါဝင်ရေး၊ စေတနာ့ဝန်ထမ်းများ စာရင်းပြုစုပြီး ပါဝင်ဆောင်ရွက်ရေး၊ လိုအပ်သော အကာအကွယ်အသုံးအဆောင် ပစ္စည်များ၊ စားနပ်ရိက္ခာများကို လိုအပ်ချက်အရ လှူဒါန်းနိုင်ရေး၊စေတနာ့ဝန်ထမ်း လုပ်အားပေးမည့်သူများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်နှင့် အဆင့်အဆင့် ဆောင်ရွက်ရမည့် စံလုပ်ငန်းစဉ်များအတွက် သင်တန်းများရရှိရေးတို့နှင့် ပတ်သက်၍ အသင်းလိုက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


