ရန်ကုန် ၃၁ မတ်
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုမှု ခံနေရသူများအတွက် စေတနာရှင်ပြည်သူများက အိပ်ယာသုံးပစ္စည်းများ လှူဒါန်းမှုကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ Union Business Centre ရှိ CRAFT CAFÉ တွင် ပြုလုပ်သည်။
ထိုသို့ လှူဒါန်းမှုကို စေတနာရှင်ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် ရောဂါစောင့်ကြပ် ကြည့်ရှုမှုခံနေရသူများအတွက် ရည်ရွယ်လှူဒါန်းသည့် မှိုယာ၊ အိပ်ယာခင်း၊ ခေါင်းအုံးနှင့် ခေါင်းအုံးစွပ်တို့အား အလှူရှင်များက ဝေဘာဂီအထူးကုဆေးရုံကြီးမှ တာဝန်ရှိသူများထံ လွှဲပြောင်း ပေးအပ်သည်။
အဆိုပါ လှူဒါန်းမှုနှင့်ပတ်သက်၍ ဦးစီးဆောင်ရွက်သူ International School Yangon(ISY)မှ ဆရာမ(ငြိမ်း) ဒေါ်ရိုဇာဝင်း က “ကိုဗစ်-၁၉ ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ကုသ၊ စောင့်ကြည့်မှု အပိုင်းမှာ တကယ်လိုအပ်လာနိုင်တဲ့ ပစ္စည်းတွေကို မိတ်ဆွေ၊ သူငယ်ချင်းတွေစုပေါင်းပြီး လှူဒါန်းကြတာပါ။ တကယ်လိုအပ်နိုင်တဲ့ အိပ်ယာသုံးပစ္စည်းတွေပါ။ ကာလတန်ဖိုး ငွေကျပ် ၂၅ သိန်းဖိုးလောက်ရှိပါတယ်” ဟု ပြောသည်။
လက်ရှိကာလတွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီအထူးကုဆေးရုံကြီး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဓာတ်ခွဲအတည်ပြုလူနာ ၁၀ ဦး၊ ရောဂါစောင့်ကြပ်ကြည့်ရှုမှုခံနေရသူ ၂၁ ဦး၊ ရောဂါပိုးဓာတ်ခွဲ အတည်ပြုတွေ့ရှိ လူနာနှင့် ထိတွေ့ခဲ့သူများဖြစ်သော စောင့်ကြည့်လူနာ ၁၇ ဦးရှိကြောင်း အဆိုပါ အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးအောင်ထံမှ သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး


