ရန်ကုန်  ၁   ဧပြီ  

ရန်ကုန် (ပန်းဆိုးတန်း/ဒလ) ကူးတို့ရေယာဉ်သင်္ဘောဆိပ်ကမ်း၌ ဒေသခံပြည်သူများနှင့် အနယ်နယ် အရပ်ရပ်ရှိ မိဘပြည်သူများ နေ့စဉ်ပုံမှန်သွားလာလျက်ရှိရာ ခရီးသည်စီးနင်းလိုက်ပါမှုအနေဖြင့် ယခင်ကထက် သိသိသာသာ လျော့နည်းသွားကြောင်း၊ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေးနှင့်  ရောဂါပိုးကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် လက်ဆေးဘေစင်များ ထားရှိပေးခြင်း နှင့် ညစဉ် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများနှင့်  ခရီးသည်များသွားလာရေး အဆင်ပြေချောမွေ့စေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ သိရသည်။

ရန်ကုန် ပန်းဆိုးတန်းဆိပ်ကမ်း မန်နေဂျာ ဒေါ်ခင်ခင်နုက  “သင်္ဘောခရီးစဉ်ကို ပုံမှန်(၄၆) ခေါက်နှုန်းနဲ့ မိနစ် ၂၀ ခြား တစ်ခါစီ  ပြေးဆွဲပေးပါတယ်၊  ခရီးသည်စီးနင်းလိုက်ပါမှုကတော့ အရင်ကထက် ထက်ဝက်လောက် လျော့နည်း သွားတယ်၊  နိုင်ငံခြားသားခရီးသည် ဝင်ရောက်လည်ပတ်မှုပါ မရှိသလောက် နည်းသွားတယ်၊ အနယ်နယ် အရပ်ရပ်က ခရီးသည်တွေ သွားလာမှုအဆင်ပြေစေရေးနဲ့ ဘေးကင်းလုံခြုံရေးကို ဝန်ထမ်းများက အလေးထားပြီး ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်”  ဟု ပြောသည်။ 

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ပြည်သူများနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပြည်သူများစွာတို့သည် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ကူးသန်း သွားလာရာတွင် ဝင်ပေါက်၊ ထွက်ပေါက်နေရာတစ်ခုဖြစ်သည့် ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်မြို့ ပန်းဆိုးတန်း ဆိပ်ကမ်းသို့ ကူးတို့ပြေးဆွဲနေသည့်  ဂျပန်နိုင်ငံမှ လှူဒါန်းထားသော ချယ်ရီ(၁)၊ ချယ်ရီ(၂)၊ ချယ်ရီ(၃) သင်္ဘော(၃)စီးဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ နေ့စဉ်(၄၆)ခေါက်နှုန်းဖြင့် အနယ်နယ်အရပ်ရပ်ရှိ ခရီးသွားပြည်သူများစွာတို့ကို ပို့ဆောင်ပေးလျက်ရှိရာ ယခင်က နေ့စဉ်(၃၀ဝ၀ဝ) ခန့် သွားလာနေသော သင်္ဘော ခရီးစဉ်၌ ယခုအချိန်တွင် ခရီးသည်စီးနင်းလိုက်ပါမှု (၁၅၀ဝ၀) ထက်ဝက်ခန့် လျော့နည်းသွားကြောင်းသိရသည်။

ရန်ကုန်မြစ်အတွင်းပြေးဆွဲနေသည့် ချယ်ရီသင်္ဘောများနှင့် လက်မှတ်ရုံတို့၌ အနယ်နယ်အရပ်ရပ်ရှိ ခရီးသွား မိဘပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါမဖြစ်ပွားစေရေးအတွက်  လက်ဆေးဘေစင် များကို ပန်းဆိုးတန်း နှင့် ဒလ ကူးတို့ဆိပ်ရှိ လက်မှတ်ရုံ အတွင်းနှင့်  ခရီးသည် ဝင်ပေါက်တို့၌ တပ်ဆင် ထားရှိပေးထားပြီး၊ ညစဉ် သင်္ဘော ခရီးစဉ်ရပ်နားချိန်တို့၌ သင်္ဘောဝန်ထမ်းများ၊ လက်မှတ်ရုံ ဝန်ထမ်းများ မှ ပိုးသတ် ဆေးဖျန်းခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)