ညောင်ဦး ၁ ဧပြီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သမဝါယမအသင်းစုပိုင်ဆီစက်မှ ပြည်တွင်း စားသုံးဆီ ဖူလုံစေရေးအတွက် ပဲဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ယခုလက်ရှိ ဖြစ်ပွားနေသော ကိုဗစ် - ၁၉ ရောဂါနှင့် ပက်သက်၍ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ မတ် ၂၃ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြု ကြေညာပြီး နောက်ပိုင်းတွင် ပြည်သူများ စိုးရိမ်ကြောက်လန့်မှုဖြင့် ဈေးများတွင် စားသောက်ကုန် ဆန် ၊ ဆီ ၊ ဆားနှင့် ဆေးပစ္စည်းများ အလုအယက်ဝယ်ယူမှုများ ဖြစ်ပွားခဲ့သဖြင့် ပြည်သူများ စားသုံးဆီနှင့် ပက်သက်ပြီး အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် ညောင်ဦးမြို့နယ်သမဝါယအသင်းစုပိုင်ဆီစက်အနေဖြင့် ပဲဆီများကို ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ ယခင်ရောင်းချနေသည့် ဈေးနှုန်းအတိုင်း ရောင်းချပေးနေကြောင်း အဆိုပါ ညောင်ဦးမြို့နယ်သမဝါယမအသင်းစုဉက္ကဌ ဦးဌေး ထံမှ သိရသည်။
ညောင်ဦးမြို့နယ် သမဝါယမအသင်းစုအနေဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် အသင်းစုပိုင် အနော်ရထာဆီစက်ဖြင့် နေ့စဉ် ညောင်ဦးပဲဆီသန့် ပိဿာချိန် ၂၂၅ ပိဿာခန့် ထုတ်လုပ်လျက်ရှိပြီး လက်လီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၆၀ဝ၀ နှုန်းဖြင့် ရောင်းချပြီး လက်ကားဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၅၉၀ဝ နှုန်းဖြင့် ရောင်းချပေးကာ သမဝါယမအသင်း အချင်းချင်းကို တစ်ပိဿာလျှင် ငွေကျပ် ၅၀ဝ၀ နှုန်းဖြင့် ရောင်းချပေးနေကြောင်း ၊ အများပြည်သူတို့အတွက် စိတ်အေးချမ်းသာစွာ ဝယ်ယူစားသုံးနိုင်ရေး ယခင်ဈေးနှုန်းအတိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်သမဝါယမအသင်းစုပိုင် အနော်ရထာဆီစက်မှ ထွက်ရှိသော ညောင်ဦးပဲဆီသန့်များကို ပုဂံညောင်ဦး မြို့နယ်အပြင် သမဝါယမဦးစီးဌာန(ရုံးချုပ်) ၊ ကယားပြည်နယ်သမဝါယမအသင်းစုချုပ် ၊ မိုးကုတ်မြို့နယ်သမဝါယမအသင်းစု ၊ ပြင်ဦးလွင်မြို့နယ်သမဝါယမအသင်းစု ၊ မဟာအောင်မြေမြို့နယ်သမဝါယမအသင်းစု ၊ ကျောက်ပန်းတောင်းမြို့နယ်သမဝါယမ အသင်းစုများသို့ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ပုံမှန်ဈေးနှုန်းအတိုင်း တင်ပို့ရောင်းချလျက်ရှိကြောင်း ညောင်ဦးမြို့နယ်သမဝါယမ အသင်းစုဉက္ကဌ ဦးဌေး က ပြောပြသည်။
ရဲဝင်းနိုင်(ညောင်ဦး)


