နည်းနည်းလေးများ အသားတက်ပြီ မကြံနဲ့။ ဆွမယ်၊ ကုတ်မယ်၊ ဖဲ့မယ်ဆိုတာ ဘယ်သူတွေလည်း။ အသားတက်တဲ့အချိန် ယားတာမှန်ပေမယ့် ဒါကို သည်းမခံနိုင်ဘဲ သွားကုတ်မိရင် အမာရွတ် ကျန်ခဲ့မှာပါ။ ဒီအမာရွတ်တွေများ ထင်သာ မြင်သာတဲ့ နေရာမှာ ရှိနေရင်တော့ ဒုက္ခပါပဲ။ ဒီတော့ အမာရွတ်တွေကို သဘာဝ အတိုင်းပျောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြမေးမှာမို့လို့ လိုက်လုပ်ကြည့်ရ အောင်နော်။
အမာရွတ်အကြောင်း တစေ့တစောင်း
အမာရွတ်ကို မဖယ်ခင် အမာရွတ်ကို အကြောင်းကို အရင်လေ့လာကြည့်ရအောင်။ အမာရွတ်ဆိုတာ သဘာဝ အတိုင်း အနာကျက်တဲ့ နည်းလမ်းပါ။ အရေပြားရဲ့ ဒုတိယအလွှာထိ ထိခိုက်ဒဏ်ရာရခဲ့မယ် ဆိုရင် အဲ့အလွှာမှာရှိတဲ့ ကော်လာဂျင်တွေက အနာကျက်ဖို့ လုပ်ပေးရပါတယ်။ ဒါကြောင့် အမာရွတ် ဆိုတာ ဖြစ်လာတာပါ။ သိစေချင်တဲ့အချက် တချို့ကတော့
• များသောအားဖြင့် အနာကျက်တာ မြန်လေလေ ကော်လာဂျင်ထွက်တာ နည်းလေလေ အမာရွတ်ကျန်တာ နည်းလေလေပါပဲ။
• နောက်တစ်ခုက အကြမ်းဖျင်း ပြောမယ်ဆိုရင် ဒဏ်ရာပြင်းလေလေ အမာရွတ်များလေလေပါပဲ။
• အမာရွတ်တွေက ခန္ဓာကိုယ် တစ်နေရာနဲ့ တစ်နေရာ မတူပါဘူး။
• ဖြစ်တဲ့သူရဲ့ အသက်အရွယ်ပေါ်လည်း မူတည်ပါသေးတယ်။
• အမာရွတ် အမျိုးအစားတွေ အများကြီး ရှိပါတယ်။
အမာရွတ် အမျိုးအစားများ
• ချပ်သွားတဲ့အမာရွတ် (Atrophic scar)
ဒီအမာရွတ်က နဂိုရှီပြီးသား တစ်ရှူးတွေ ဆုံးရှုံးသွားတဲ့အတွက် အရေပြားမှာ ချိုင့်ဝင်တာ၊ ပြားပြားကြီး ဖြစ်နေတာမျိုး တွေ့ရမှာပါ။ ဘေးအရေပြားထက် အရောင်လည်းရင့်ပါတယ်။ ဥပမာ ဝက်ခြံအမာရွတ်၊ ရေကျောက်အမာရွတ်။
• ဖောင်းကြွအမာရွတ် (Hypertrophic scar)
ဖောင်းကြွလို့ ပြောရတာက တကယ်ဖြစ်တဲ့ ဒဏ်ရာထက် အမာရွတ်က ပိုကြီးလို့ပါ။ Keloid အမာရွတ်နဲ့ မတူတာက ဘေးကို ပြန့်ကားမသွားပါဘူး။ ဘေးအရေပြားထက် အရောင်ပိုရင့်ပါတယ်။
• Keloidအမာရွတ်
Keloidအမာရွတ်က အနာကျက်တဲ့ အချိန်မှာ တစ်ရှူးတွေ အများကြီး ထုတ်လိုက်လို့ ဖြစ်ရတာပါ။ ဖောင်းကြွပြပြီး ဘေးကို ကားထွက်နေပါတယ်။ အရောင်လည်း ရင့်ပါတယ်။
• အနာရွတ် (Contracture scar)
ထိခိုက်တဲ့ အရေပြား များရင် ဖြစ်တတ်ပါတယ်။ ဥပမာ မီးလောင်တာမျိုးပေါ့။ အနာရွတ်တွဲ နေတာကြောင့် လှုပ်ရှားရခက်တတ်ပါတယ်။
အမာရွတ်သက်သာစေမည့် သဘာဝနည်းလမ်းများ
ခုပြောမယ့် နည်းလမ်းတွေက သာမန် အမာရွတ်အတွက်ပဲ အဆင်ပြေမှာပါ။ ဖောင်းကြွနေတဲ့ အမာရွတ်ကြီးတွေအတွက်ဆိုရင် ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါ။ နောက်တစ်ခုက ရလဒ်က ချက်ချင်းမရပါဘူး။ စိတ်ရှည်ရှည်နဲ့ ပုံမှန် လုပ်ပေးဖို့ လိုပါတယ်။ နည်းလမ်းတွေကတော့
• ရှားစောင်းလက်ပတ်
-အပြင်က အစိမ်းခွံကို ဖယ်လိုက်ပါ။
-အထဲက ဂျယ်လီအနှစ်ကို ခြစ်ထုတ်ပါ။
-အမာရွတ်ရှိတဲ့ နေရာကို အဝိုင်းပုံစံ လိမ်းပေးပါ။
-တစ်နာရီလောက်ကြာရင် ရေဆေးချပါ။
-တစ်နေ့ ၂ခါ လုပ်ပါ။
• ဗီတာမင် အီး
–ဗီတာမင် အီး ဆေးလုံးကို ညှပ်ပြီး အထဲက အရည်တွေနဲ့ အမာရွတ်ကို ၁၀မိနစ်ခန့် လိမ်းပေးပါ။
-မိနစ် ၂၀လောက်ထားပြီး ရေကြက်သီးနွေးနဲ့ ပြန်ဆေးပါ။
-တစ်နေ့ ၃ခါလောက် လုပ်ပါ။
• ပျားရည်
-အိပ်ရာ မဝင်ခင် အမာရွတ်ပေါ်ကနေ ပျားရည် သုတ်လိမ်းပါ။
-ပြီးရင် အပေါ်ကနေ ပတ်တီးစည်းပါ။
-တစ်ညလုံး ဒီတိုင်းထားပါ။
-မနက်ရောက်ရင် ပတ်တီးဖြည်ပြီး ရေနွေးလေးနဲ့ ဆေးချပါ။
-ညတိုင်းလုပ်ပေးပါ။
• အုန်းဆီ
–အုန်းဆီခဲနေရင် အရည်ပျော်အောင် မီးနည်းနည်း ပြပါ။
-အမာရွတ်ပေါ်မှာ ၁၀ မိနစ်လောက် လိမ်းပါ။
-၁ နာရီလောက်ကြာမှ ရေဆေးချပါ။
-တစ်နေ့ ၄ ခါလောက်လုပ်နိုင်ရင် ပိုကောင်းပါတယ်။
• ပန်းသီး ရှာလကာရည်
-ပန်းသီးရှာလကာရည် ၂ဇွန်းနဲ့ ရေ၄ဇွန်း ရောပါ။
-အမာရွတ်ပေါ်ကို ဂွမ်းနဲ့ အသာအယာ သုတ်ပေးပါ။
-ခြောက်အောင် ထားလိုက်ပါ။
-ညအိပ်ရာဝင်ခါနီးတိုင်း လုပ်ပြီး မနက်ကျရင် ရေဆေးချပါ။
• လာဗင်ဒါ အဆီနဲ့ သံလွင်ဆီ
-လာဗင်ဒါအဆီ ၃စက်နဲ့ သံလွင်ဆီ ၃ဇွန်းရောပါ။
-အမာရွတ်ပေါ် လိမ်းပြီး ၅မိနစ်လောက် နှိပ်နယ်ပါ။
-နာရီဝက်ထားပါ။
-ပြီးရင် ရေနွေးနွေးနဲ့ ဆေးပါ။
-တစ်နေ့ ၃ကြိမ်လုပ်ပါ။
• အာလူး
–အာလူးကို မထူမပါး လှီးပါ။
-အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံ နှိပ်နယ်ပေးပါ။
-အာလူး ခြောက်သွားရင် နောက်တစ်ခုလဲပါ။
-မိနစ် ၂၀လောက် နှိပ်နယ်ပြီး ၁၀မိနစ်လောက် အခြောက်ခံထားပါ။
-ရေအေးနဲ့ ဆေးချပါ။
-အနည်းဆုံး တစ်နေ့ တစ်ကြိမ်လောက်လုပ်ပါ။
• မုန့်ဖုတ်ဆိုဒါ
–မုန့်ဖုတ်ဆိုဒါကို အနှစ်ရအောင် ရေနဲ့ ဖျော်ပါ။
-အမာရွတ်ကို ရေစိုအောင်လုပ်ပြီး အပေါ်ကနေ သုတ်လိမ်းပါ။
-အပေါ်ကနေ ရေနွေးဝတ်နဲ့ ၁၅မိနစ်လောက် ဖိထားပါ။
-ပြီးရင် ရေဆေးချပါ။
ဒီနည်းလမ်းတွေနဲ့ ပတ်သတ်ပြီး သိထားရမှာက အရင်ဆုံး အမာရွတ်ကို သေချာဆေးပြီး ခြောက်အောင် သုတ်ဖို့ပါပဲ။ နောက်ပြီး ဒါတွေက အမာရွတ်မှာပဲ သုံးရမှာပါ။ အနာတွေမှာ မသုံးရပါဘူး။ သုံးနေရင်းနဲ့ ဓာတ်မတည့်ဘူးဆိုရင် ချက်ချင်းရပ်လိုက်ပါ။
ရေးသားသူ Dr. Htet Htet Zaw Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”