ချောင်းဦး ၃ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် စည်ပင် သာယာဈေးမှ ကုန်စိမ်းတန်း ဈေးသည်များအား ဥပုသ်ဈေး(ယာယီပျံကျဈေး)နေရာသို့ ပြောင်းရွှေ့ ရောင်းချနိုင်ရေးအတွက် ယမန်နေ့ ညနေ(၄)နာရီက ဈေးသည်များအတွက် နေရာသတ်မှတ် စီစဉ်လျက် ရှိကြောင်း သိရသည်။
ကုန်စိမ်းတန်းများအား ဥပုသ်ဈေး (ယာယီပျံကျဈေး)နေရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးဝင်းမြင့်ခင်နှင့် ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာဈေး အကျိုးတော်ဆောင်များ အဖွဲ့တို့သည် ဥပုသ်ဈေး (ယာယီပျံကျဈေး)တွင် ဈေးဆိုင်ခန်းနေရာများ သတ်မှတ်ခြင်း၊ Physical distancing (၃)ပေအကွာ စည်းမျဉ်းများ သတ်မှတ်ရေးဆွဲ ဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့ စည်ပင်သာယာဈေးတွင် ကုန်စိမ်းတန်း ရောင်းချသည့်နေရာများမှာ ဈေးသည် အရေအတွက် များပြားခြင်းနှင့် နေရာကျဉ်းမြောင်းခြင်းတို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် ဥပုသ်ဈေး(ယာယီပျံကျဈေး)နေရာသို့ ပြောင်းရွှေ့ ဖွင့်လှစ်ရန် စီစဉ်ပေးခြင်းဖြစ်ပါကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်သန့်ဝင်းက ပြောပြပါသည်။
ယမင်း (ရွှေဦးမြေ)


