ဝါးခယ်မ ၃ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ယနေ့ နံနက် ၈ နာရီတွင် တာဝန်ရှိသူများက သင်္ဘောဆိပ်များနှင့် ရေယာဉ်လိုင်းများအား ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
" ဝါးခယ်မမှာ ရှိတဲ့ ကျေးရွာတွေကို နေ့စဉ် ခုတ်မောင်းပြေးဆွဲနေတဲ့ ရေယာဉ်လိုင်းတွေကို ဆေးဖျန်းပေးတာပါ။ စုစုပေါင်းဆိုရင် ရေယာဉ်လိုင်း ၆၀ ကျော်ရှိပါတယ်။ အခုလို ဆောင်ရွက်ပေးတာ ကလည်း ခရီးသွား ပြည်သူတွေအတွက် ကြိုတင်ကာကွယ်တဲ့ သဘော၊ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် ဆောင်ရွက်တာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာလဲ အလျဉ်းသင့်သလို ဆေးဖျန်းခြင်း လုပ်ငန်းကို ဆက်ပြီးဆောင်ရွက်ပေးသွားမှာပါ " ဟု မြို့နယ် ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက ပြောသည်။
အဆိုပါ ရေယာဉ်လိုင်းများဖြင့် ကျေးရွာအသီးသီးမှ ပြည်သူများ၏ ကုန်စည်စီးဆင်းမှု၊ ခရီးသွားလာမှု များမှာ နေ့စဉ် ဆောင်ရွက်ရသည် ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကာကွယ်သည့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


