သရက် ၃ ဧပြီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ စခန်းကြီးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်/ ထွက်ကုန်များကို ကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်သို့ အချိန်မီရောက်ရောက်ရှိရေးအတွက် ကုန်ထုတ်လမ်း၊ တံတားများ ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် သရက်မြို့နယ်အတွင်းရှိ စခန်းကြီး ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၁ မိုင် ၂ ဒသမ ၃ဖာလုံ ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ ၁ ပေထု၊ မြေနီကျောက်စရစ်ကိုးလက်မထု ခင်းခြင်းလုပ်ငန်းနှင့် Box Culvert တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၄၀ ဒသမ ၃၅၇ သန်းဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက ပြောပြ၍ သိရသည်။
အဆိုပါ စခန်းကြီးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ လယ်မြေဧက ၂၂၅၀ ကျော် အကျိုးပြု နိုင်မည်ဖြစ်ပြီး အဆိုပါလယ်ယာများမှ ထွက်ရှိသော လယ်ယာ ထွက်ကုန်များကို ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


