နေပြည်တော် ၃ ဧပြီ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့နံနက် ၈ နာရီခွဲတွင် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့မှ ကြီးမှူး၍ ASEAN+3 အဖွဲ့ဝင်နိုင်ငံများ၊ မွန်ဂိုလီးယားနိုင်ငံ၊ တီမောလက်စတီနိုင်ငံတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ World Bank, IMF, ADB နှင့် AIIB တို့မှ ကိုယ်စားလှယ်များနှင့် အဆင့်မြင့်တာဝန်ရှိသူများပါဝင်သည့် Teleconference ဖြင့်ပြုလုပ်သည့် High-Level Discussion သို့ နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
ဆွေးနွေးပွဲကို ကမ္ဘာ့ဘဏ်၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဉက္ကဋ္ဌ Ms. Victoria Kwakwa ၊ ကမ္ဘာ့ဘဏ်အုပ်စုများဖြစ်ကြသည့် International Finance Corporation (IFC) နှင့် Multilateral Investment Agency (MIGA) တို့မှ ဒုတိယဉက္ကဋ္ဌများ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ညွှန်ကြားရေးမှူး Mr. Changyong Rhee တို့က ဉီးဆောင်၍ (၂)နာရီကြာ ကျင်းပရာ ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါကြောင့် Global Supply Chain တွင် Temporary Shock များရှိခဲ့သဖြင့် အာရှနှင့်ပစိဖိတ်ဒေသ နိုင်ငံများ၏ Crisis Response Facility များ၊ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်နှင့် IMF တို့မှ အတိုးနှုန်းသက်သာသော ချေးငွေများ အမြန်ဆုံး ပံ့ပိုးကူညီပေးနိုင်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဉီးစိုးဝင်းက ပါဝင်ဆွေးနွေးရာတွင် ကမ္ဘာ့ဘဏ်နှင့် IMF တို့မှ အတိုးနှုန်းသက်သာသော ချေးငွေများ အမြန်ဆုံးပံ့ပိုးကူညီပေးနိုင်မည့် အစီအစဉ်များအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် COVID-19 ကြောင့် လတ်တလောစီးပွားရေး ထိခိုက်မှု အများဆုံးခံစားရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်းသက်သာသောချေးငွေများ ထုတ်ချေးပေးနိုင်ရေးအတွက် COVID-19 ရန်ပုံငွေအား ငွေကျပ် ၁၀၀ ဘီလီယံဖြင့် တည်ထောင်ထားပါကြောင်း၊ အဆိုပါရန်ပုံငွေမှ တစ်နှစ်လျှင် အတိုးနှုန်း (၁) ရာခိုင်နှုန်းဖြင့် တစ်နှစ်ကာလအတွက် ချေးငွေထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊ COVID-19 ဆိုင်ရာ အလျင်အမြန် အထောက်အကူပေးမည့် အစီအစဉ်အတွက် ကမ္ဘာ့ဘဏ်မှချေးငွေ အမေရိကန်ဒေါ်လာ သန်း (၅၀) ရယူရန်ကိစ္စရပ်အား ယခုနှစ်၊ ဧပြီလကုန်တွင် ကျင်းပမည့်လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Essential Health Services Access Project မှ အမေရိကန်ဒေါ်လာ (၅) သန်းကို COVID-19 Response Plan အတွက် ထုတ်ယူသုံးစွဲမည်ဖြစ်ပါကြောင်း၊ COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ထိန်းချုပ်ခြင်းနှင့် ထိရောက်စွာကုသနိုင်ရေးတို့အတွက် ADB ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Greater Mekong Sub-region Hearth Security Project အောက်မှ အမေရိကန်ဒေါ်လာ (၄) သန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ယူသုံးစွဲမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် COVID-19 ကြောင့် ထိခိုက်မှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် နိုင်ငံ၏ကိုယ်ပိုင်ရန်ပုံငွေဖြင့် မလုံလောက်ပါက နိုင်ငံတကာငွေရေးကြေးရေး အဖွဲ့အစည်းများမှ ယခုထက်ပိုမို၍ ချေးငွေနှင့် ငွေကြေးထောက်ပံ့မှုများ၊ အကူအညီများအား ပံ့ပိုးပေးနိုင်ပါရန် မျှော်လင့်ပါကြောင်း ပါဝင်ဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်၊ ဒေါက်တာ မင်းရဲပိုင်ဟိန်းနှင့် ဌာနဆိုင်ရာအရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


