အိမ်မဲ ၃ ဧပြီ

 

ဧရာဝတီတိုင်း​ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ မြို့မဈေးကြီးအတွင်း၌ ရောင်းချနေသော ဈေးသည်များအား ပူးပေါင်းအဖွဲ့က ကုန်ပစ္စည်းများကို ​ဈေးနှုန်းမြှင့်​ရောင်းချခြင်းရှိ/မရှိ စစ်​ဆေးခြင်းကို ဧပြီ ၃ ရက် မွန်းလွဲ ၁ နာရီက​ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

 

အဆိုပါပူးပေါင်းအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြို့မဈေးကြီးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်၊ ကုန်ခြောက်ဆိုင်၊ ဆန်ဆိုင်များနှင့် ဈေးပတ်ဝန်းကျင်ရှိ စားသုံးဆီလက်လီလက်ကား ရောင်းချနေသော ဆိုင်များအား ကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

“ယခုအချိန်ကာလဟာ COVID-19 ရောဂါပိုးကြောင့် ပြည်သူတွေ အိမ်ထဲကအိမ်ပြင် မထွက်ရဲကြပါဘူး။ တစ်ချို့တွေက သူတို့ရဲ့စားဝတ်နေရေးကြောင့် အပြင်ကိုထွက်ပြီး သွားလာလှုပ်ရှားနေကြတာပါ။ တစ်ချို့လုပ်ငန်းတွေလည်း ပိတ်ထားကြပါတယ်။ အရင်ကလို ဝင်ငွေကလည်း ရှာလို့မလောက်နိုင်တော့ဘူး။ အဲလိုအချိန်မှာ မြို့မဈေးကြီးထဲမှာရှိတဲ့ ဈေးသည်တွေ ကုန်ပစ္စည်းတွေကို ဈေးနှုန်းတင်ပြီး မရောင်းချဖို့ လိုက်လံပြောကြားရင်း ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်ပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်က ပြောသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)