မူဆယ် ၄ ဧပြီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ်သို့ အများပြည်သူ စည်ကားစွာ လာရောက်လည်ပတ်မှုများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ဧပြီလ ၁ရက်နေ့ စပြီး ယာယီပိတ်ထားကြောင်း မင်္ဂလာမူဆယ်တာဝန်ရှိသူထံမှ သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိနေပြီဖြစ်ရာ အဆိုပါရောဂါအား ကြိုတင်ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် အားကစားနှင့်ကျန်မာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကာ ယာယီပိတ်ထားခြင်းဖြစ်ကြောင်း မင်္ဂလာမူဆယ်တာဝန်ခံ မန်နေဂျင်းဒါရိုက်တာ ဦးမောင်စိန်က ပြောသည်။
“ကျွန်တော်တို့ ဒီမင်္ဂလာမူဆယ်မှာ ရပ်နီးရပ်ဝေးက အပန်းလာဖြေတဲ့ မိဘပြည်သူတွေ အရမ်းများပြီး စည်ကားလေ့ရှိတယ်၊ အခု ကိုဗစ်-၁၉ ရောဂါရှိတော့ အဲဒီရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစုလူဝေးတွေမဖြစ်သင့်တော့ဘူး၊ ဒါကြောင့် ဒီမှာရှိတဲ့ စားသောက်ဆိုင်တွေမှာလဲ ဆိုင်ထိုင်ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်နဲ့ ဝယ်ယူစားသုံးစေတယ်၊ ကလေးအားကစားကွင်းနဲ့ တခြားဖျော်ဖြေရေး အစီအစဉ်တွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိတွေရဲ့ လမ်းညွှန်ချက်နဲ့အညီ လူစုလူဝေးမဖြစ်အောင် အကုန်လုံး ယာယီပိတ်ထားတယ်”ဟု ဦးကျော်စိန်က ရှင်းပြသည်။
မင်္ဂလာမူဆယ်ဝန်းအတွင်းမှ ဝင်/ထွက် သွားလာသည့် ဝန်ထမ်းများနှင့် ကျန်းမာရေးအရ လမ်းလျှောက်ပြီး အားကစား လာရောက်ပြုလုပ်သည့် ဒေသခံများကို ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပေးပြီး ကျန်းမာရေး အသိပညာပေးများ ပြုလုပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ - မိုင်းဘဉာဏ်(ကွတ်ခိုင်)


