မန္တလေး  ၄  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်သည် ဆည်တော်ကြီး၊ ဆည်တော်လေး ဆည်ရေသောက်စနစ်ဖြင့် နွေစပါးများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

“ဒီဒေသမှာ နွေစပါးတွေစတင်စိုက်ပျိုးနေပါပြီ၊ ဒီဒေသမှာ နွေစပါးကတော့ ရွှေသွယ်ရင်ပဲစိုက်တာများတယ်၊ သုခတို့၊ မဂျမ်းတောတို့၊ ရက်တစ်ရာမျိုးတို့လည်း စိုက်ကြတယ်၊ ဆည်ရေသောက်စနစ်နဲ့ စိုက်ပျိုးတာပါ၊ ခုချိန်မှာတော့ ပျိုးထောင်ပြီး စတင်စိုက်ပျိုးနေကြပါပြီ” ဟု ပုသိမ်ကြီးမြို့နယ်ဥယျာဉ်လေးကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦးက ပြောကြားသည်။

 

“နွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ဆက်လက်ပြောကြားရာတွင် ကျွန်တော်ကတော့ ရက်(၁၀ဝ)မျိုးပဲ စိုက်တယ်၊ တစ်ဧကကို မျိုးစပါးသုံးတင်းလောက်ပျိုးထောင်ရတယ်၊ပျိုးထောင်ပြီး နှစ်ပတ်လောက်ကြာရင် လယ်ထဲမှာ ရေသွင်းတာတို့၊ ထယ်ရေပြင်တာတို့ ပြုလုပ်ပြီး စပါးခင်းထဲပြောင်းစိုက်တာပဲ၊ ရက်တစ်ရာစပါးဆိုတော့ ဝါဆိုလ/ ဝါခေါင်လလောက်မှာ ရိတ်သိမ်းကြပါတယ်၊ နွေစပါးက ပိုးကျမှာပဲကြောက်ရတယ်၊ ပိုးမကျရင် တစ်ဧကကို တင်း(၈၀) မှ တင်းတစ်ရာကျော်ထိ ထွက်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

ပုဂံခေတ်မှသည် ခေတ်အဆက်ဆက်စပါးကျီဟု တင်စားခေါ်ရသော ပုသိမ်ကြီးမြို့နယ်သည် ဆန်စပါးကို အဓိကစိုက်ပျိုးကာ ပဲ၊ ပြောင်း၊ ငရုတ်၊ ကြက်သွန်၊ ကွမ်းရွက်၊ ပန်း အစရှိသောရှိသော သီးနှံများအား ဆည်တော်ကြီး/ ဆည်တော်လေးဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိရာ သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)