ပင်လည်ဘူး ၄ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအနေဖြင့် ပင်လည်ဘူးမြို့နယ် အဝင်အထွက်စစ်ဆေးရေးဂိတ်များတွင် ယာဉ်များဖြင့်ဝင်ရောက်လာကြသည့် ခရီးသွားပြည်သူများအား အပူချိန်တိုင်းစက်များဖြင့် ကျန်းမာရေးစစ်ဆေးမှုများကို နေ့စဉ်တိုးမြှင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ နှာခေါင်းစည်းများတပ်ဆင်ရေး၊ လက်ဆေးအသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များ လိုက်နာကျင့်သုံးရန်၊ ခရီးသွားမှတ်တမ်းများ စစ်ဆေးခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်သက်ဆိုင်ရာဌာနပူးပေါင်းအဖွဲ့အစည်းတို့မှ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက်ရှိစေရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်လူနာနှင့်သံသယရှိသူများ ထားရှိရန်နှင့် ဆေးကုသမှုခံယူရန် မြို့နယ်အတွင်းနေရာ ၆ ခုရွေးချယ်သတ်မှတ် စီမံဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း၊ ပင်လည်ဘူးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်ရန် ရန်ပုံငွေကျပ် သိန်းတစ်ရာကျော် ရှာဖွေဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။
မျိုးလွင်(ပင်လည်ဘူး)


