ရန်ကုန် ၄ ဧပြီ
ပြည်ပမှပြန်လည်ရောက်ရှိလာသူတို့အတွက် လှိုင်သာယာမြို့နယ်တွင် အောင်မြေသာယာ သာသနာ့ဗိမာန်နှင့် မြို့နယ်ခန်းမတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စခန်းအဖြစ် ဖွင့်လှစ်ထားရာ ဧပြီ ၄ ရက်နေ့တွင် ၁၂၃ ဦးအား ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ပြည်ပမှဝင်ရောက်လာသူတို့ကို စောင့်ကြည့်မှုနှင့်အတူ နိုင်ငံခြားသားများကိုလည်း ပြည်သူတို့၏ သတင်းပေးမှုဖြင့် လှိုင်သာယာမြို့နယ်၌ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး အောင်မြေသာယာ သာသနာ့ဗိမာန်၌ အမျိုးသား(၈၈)ဦးနှင့် မြို့နယ်ခန်းမ၌ အမျိုးသမီး(၃၅)ဦး စုစုပေါင်း(၁၂၃)ဦးကို ကာကွယ်ထိန်းချုပ်ရေးသတ်မှတ်ရက် (၁၄)ရက်ပြည့်သည့် အထိ စောင့်ကြည့်လျက်ရှိသည်။
“လှိုင်သာယာက စခန်းနှစ်ခုမှာစောင့်ကြည့်ခံထားသူ စုစုပေါင်း(၁၂၃)ဦးရှိပါတယ်။ အခုစောင့်ကြည့် ခံထားရတဲ့သူအားလုံးကို သေချာရှင်းပြတဲ့အတွက် နားလည်လိုက်နာကြပါတယ်။ ဒါပေမယ့်ကြောက်ရွံ့မှု မရှိတာ တွေ့ရတယ်။ ဈေးတွေမှာ နှာခေါင်းစည်းတပ်ပြီး ဈေးဝယ်တာနည်းတယ်။ မတပ်ဘဲသွားနေတာလည်း ရှိတယ်။ ဝယ်လို့မရလို့ မတပ်တာလည်းရှိတာပေါ့နော်။ ရန်ကုန်တိုင်းမှာ (၁၀)ရက်ကနေ (၁၉)ရက်နေ့ထိ အပြင်မထွက်ဘဲ အိမ်မှာပဲနေဖို့ပြောထားတာကြောင့် ၂၀ ရက်နေ့မှာ ရောဂါလက္ခဏာမတက်လာဘူး။ အများကြီးလည်း မကူးဘူးဆိုရင် လှိုင်သာယာအနေနဲ့ ကျော်လွှားနိုင်မယ်လို့ ထင်ပါတယ်” ဟု မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာခင်ရူပါစိုးက ပြောသည်။
ကာကွယ်ထိန်းချုပ်ရေးအတွက် စောင့်ကြည့်ခြင်းခံထားရသူ ၁၂၃ ဦး၏ စားသောက်မှုအတွက် စက်မှုဇုန်မှအလှူရှင်နှင့် လိုအပ်သမျှကို အနီးကပ်ဖြည့်ဆည်းပေးနေသော ကိုမိုးနှင်း၊ မခင်မာဝင်းအလှူရှင်တို့ နေ့စဉ်လှူဒါန်းမှုနှင့်အတူ အခြားသောစေတနာရှင်တို့ ဝိုင်းဝန်းပူးပေါင်းမှုဖြင့် လှိုင်သာယာတွင်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စခန်းကိုဆက်လက်ဖွင့်လှစ် ထားရှိပြီး ၁၄ ရက်အတွင်း ထူးခြားသည့် ရောဂါလက္ခာပြသခြင်းမရှိပါက နေအိမ်သို့ပြန်နိုင်ရန် အုပ်ချုပ်ရေးမှ ဆောင်ရွက်ပေးလျက်ရှိရာ ရက်ပြည့်သော ၁၂ ဦးကို နေအိမ်သို့ပြန်လည်ပို့ဆောင်ပြီးဖြစ်ကြာင်း သိရသည်။
လူဦးရေ(၇)သိန်းကျော်(၁၀)သိန့်ခန့်နေ ထိုင်သောလှိုင်သာယာမြို့နယ်၌ နိုင်ငံခြားတွင်သွားရောက် အလုပ်လုပ်ကိုင်၍ ပြန်လည်ဝင်ရောက်လာသူ ၂၀ဝ ခန့်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် မတ်လ(၂၉)ရက်မှ ယနေ့ထိ စောင့်ကြည့်ကာကွယ်ထိန်းချုပ်လျက်ရှိပြီး နေ့စဉ်လူစည်ကားရာပျံကျဈေးများမှ ရောဂါသက်ရောက်မှုမရှိစေရန် ကာကွယ်ထိန်းချုပ်မှုတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။
လှိုင်သာယာမြို့နယ်တွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ထမ်း ၁၀၃ ဦးမှာ ရပ်ကွက်၊ ကျေးရွာတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး ပြည်သူတို့အနေဖြင့် ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်မှုဖြင့် ရောဂါသက်ရောက်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ရာ ဆက်လက်၍ ရောဂါကာကွယ်ထိန်းချုပ်မှုနှင့် စပ်လျဉ်း၍ ဒေါက်တာခင်ရူပါစိုးက “အခုချိန်ထိ ကံကောင်းသေးတယ် ပြောရမလား ဒီဘက်မှာရောဂါ မတွေ့သေးဘူး။ ရပ်ကွက်အချို့ကဘယ်နေရာမှာ ဖျားနေပါတယ် ဖုန်းနဲ့ အကြောင်းကြားရင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သွားရောက်စစ်ဆေးတယ်။ စက်ရုံတွေလည်း အတူတူပဲ။ အချို့လည်း သတင်းအမှားတွေပေးကြတယ်။ ဖျားနာနေတယ်ဆိုရင် ချက်ခြင်းဆေးရုံပို့တယ်။ လှိုင်သာယာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါမရှိသေးဘူး။ သံသယဖြစ်စေ၊ စောင့်ကြည့်ဖြစ်စေလူနာပဲရှိမယ်၊ Positive လူနာတော့ မရှိသေးဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နဲ့ ဟိုတယ် စက်ရုံ၊ နေအိမ်တွေ စစ်ဆေးပါတယ်။နိုင်ငံခြားသားဆိုရင် လူဝင်မှုကြီးကြပ်ရေးကဆက် ပြီးဆောင်ရွက်တယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဖိဖိစီးစီးဆောင်ရွက်နေပါတယ်” ဟု ဖြည့်စွက် ပြောကြားသည်။
သင်္ကနြ်ကာလတွင် စက်ရုံများပိတ်သောကြောင့် နေရပ်ပြန်လျှင် ၁၄ ရက်စောင့်ကြည့်ခံရမည်ဖြစ်ရာ အများစုမှာနေရပ်သို့မပြန်ဘဲ အဆောင်များနှင့် ရပ်ကွက်အတွင်း သင်္ကြန်ကာလကို ဖြတ်သန်းမည်ဖြစ်၍ လှိုင်သာယာတွင် ယခုနှစ်သင်္ကြန်ကာလ၌ လူဦးရေလျော့ကျမှုမရှိခြင်းကြောင့် ဧပြီ(၁၀)ရက်မှ (၁၉)ထိ အိမ်ပြင်မထွက်ရန်(Stay home) ညွှန်ကြားမှုသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်မှု၌ ထိရောက်သော ကာကွယ်မှုတစ်ခုဖြစ်ကြောင်းနှင့် လှိုင်သာယာမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စောင့်ကြည့်ခြင်းထားရှိခံရသူ ၁၂၃ ဦးအား ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
သန်းထိုက်


