ရမည်းသင်း ၄ ဧပြီ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်နှင့် တာဝန်ရှိသူများက ရောဂါကာကွယ်ထိန်းချုပ်ရေး စောင့်ကြည့် စခန်းများကို စစ်ဆေးခဲ့ပြီး ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရမည်းသင်းမြို့နယ်အတွင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်းများမှ ပြည်သူများကို အသိပညာပေးခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လာသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် သတ်မှတ်ရက်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အတိုင်း လိုက်နာ ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားကာ တစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ (၂၅) ကျပ်သား၊ ကြက်ဥ (၅)လုံး၊ ကော်ဖီမစ် (၅) ထုပ်၊ ဓာတ်ဆား (၅) ထုပ်၊ ခေါက်ဆွဲခြောက် (၅)ထုပ်၊ ဆပ်ပြာခွက်နှင့် ဆပ်ပြာခဲ၊ မုန့်များနှင့် ဖုန်းဘေတစ်ထောင်တန် တစ်ကတ်စီ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရမည်းသင်းမြို့နယ်အတွင်း ဇန်နဝါရီ ၂၇ ရက်မှ ဧပြီ ၃ ရက်နေ့အထိ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူ ၄၂၈၀ ဦးအနက် သတ်မှတ်စောင့်ကြည့်ရက်ပြည့်၍ ပြန်လည်စေလွှတ်သူ ၂၃၃၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း Community Based Facility Quarantine စခန်း (၁၀၂) ခု ဖွင့်လှစ်ထားပြီး ကန့်သတ် စောင်ကြည့်သူ ၁၃၄၂ ဦးနှင့် Home Quarantine ၆၁၅ ဦးရှိပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဝင်းအောင်(ရမည်းသင်း)


