ရန်ကုန် ၄ ဧပြီ 

 

အခြေခံစားသောက်ကုန်၊ ဆေးနှင့် ဆေးပစ္စည်းများ ဖူလုံရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် သက်ဆိုင်ရာအသင်း အဖွဲ့အသီးသီးမှ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ တက်ရောက်ဆွေးနွေးကြသည်။


    
အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်း မြင့်တက်မှုများ၊ ဈေးကွက်အတွင်း ဈေးကစားမှုများကို ကြီးကြပ်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ အရေးကြီးကုန်စည်များ ဖြစ်သည့် ဆန်၊ ဆီ၊ စားဖိုဆောင်သုံး သီးနှံများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများကို အုပ်စုအလိုက် သတ်မှတ်ထားပြီး ဖြစ်သင့်ဖြစ်ထိုက်သော လက်လီဈေးနှုန်းများ ထိန်းသိမ်းထားနိုင်ရေး ဆွေးနွေးပေးရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အရန်ဆန်နှင့် စားသုံးဆီများလိုအပ်သလို ထားရှိနိုင်ရေးအတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များအနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များကိုလည်း အကြံပြုဆွေးနွေးကြရန်နှင့် ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း လုပ်ငန်းစဉ်များတွင် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ ကူညီဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။


    
ထို့နောက် တက်ရောက်လာသည့် အသင်းအသီးသီးမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များက အသင်း၏ ဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆန်၊ ဆီ နှင့် ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး၊ ဖူလုံမှုရှိစေရေး အထူးကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် အစီအမံများနှင့် အကြံပြုချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။ 

 

သတင်းစဉ်