၅ ဧပြီ
အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ရဟန်းတော်များ၊ဆွမ်း၊ ခဲဖွယ်ဘောဇဉ် တို့အတွက် အခက်အခဲမဖြစ်စေရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မန္တလေးခရိုင် အတွင်းရှိရဟန်း၊ သာမဏေနှင့် သီလရှင် ၄၈၅၉၂ ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ်လှူဒါန်းပွဲကို ဧပြီ ၄ ရက် မွန်းလွဲ ၃ နာရီက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင်တက် ရောက်လာသော ဆရာတော်ကြီးများ၊ ဧည့်သည်များက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသမိဒိကျောင်းဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်သည်။
ထို့နောက် ဆရာတော်သံဃာတော်များက ချီးမြှင့်သည့်ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး ဆရာတော် သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ပဲနှင့်လှူဖွယ်ပစ္စည်းများကို မန္တလေးတိုင်း ဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်ကပ် လှူဒါန်းသည့် မန္တလေးခရိုင်အတွင်း ဝါဆိုရဟန်း၊ သာမဏေနှင့် သီလရှင်များအား ဆန်၊ ဆီ၊ ပဲ လှူဒါန်းမှုတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ် ၁၃၀၃၆၈၀ဝ၀ တန်ဖိုးရှိ ဆန်အိတ် ၄၀၇၄ အိတ်၊ ငွေကျပ် ၇၇၇၄၇၂၀ဝ တန်ဖိုးရှိ ကုလားပဲ ၄၈၅၉၂ ပိဿာ၊ အမရပူရမြို့ပြ စီမံကိန်း MBCCD ကုမ္ပဏီက ငွေကျပ် ၅၆၇၂၇၆၀ဝ တန်ဖိုးရှိ ဆီ ၂၄၂၉၆ ပိဿာနှင့် ဆီပုံးခွံ၊ ဆား ၆၀၇၄ ပိဿာ၊မြန်မာ့ရှေ့ ဆောင်ဘဏ်က ငွေကျပ် ၉၂၀ဝ၀ဝ၀ဝ တန်ဖိုးရှိ ဆန်အိတ် ၂၀ဝ၀ ကိုလည်းကောင်း လှူဒါန်းခဲ့ပြီး စုစုပေါင်း လှူဒါန်းမှုမှာ ငွေကျပ် ၃၅၆၈၄၂၈၀ဝဖိုး ဖြစ်ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)


